ပြင်သစ်မှာ အကျဉ်းထောင်အရာရှိနှစ်ဦးကို သတ်ပြီး အကျဉ်းသားတစ်ဦးကို ကယ်ထုတ်သွားတဲ့ သေနတ်သမားတွေကို အပူတပြင်း လိုက်လံရှာဖွေနေ

0
192

အကျဥ်းသားကိုအမူစစ်ပြီးထောင်သို့ပြန်ပို့စဥ်ကားလမ်းတိုးလ်ဂိတ်တစ်ခုမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။အကျဉ်းထောင်အရာရှိ နှစ်ဦးကို သတ်ဖြတ်ကာ အကျဉ်းသား (မူးယစ်ဂိုဏ်းသား သတ်ဖြတ်မှုနဲ့ ဆက်နွယ်သူ)တစ်ဦးကို ကယ်ထုတ်သွားခဲ့တဲ့ သေနတ်သမားတစ်စုကို မေ ၁၅ ရက်မှာ ပြင်သစ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

အကျဉ်းသားများကိုလွတ်မြောက်ရေး ပူးပေါင်းကူညီခဲ့သူတွေအပါအဝင် ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ပါဝင်သူတွေကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူ မက်ခရွန်က ကတိပြုခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ အကျဉ်းထောင်အရာရှိနှစ်ဦး သေဆုံးခဲ့ပြီး အခြား သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ပဲရစ် ရှေ့နေ Laure Beccuau က ပြောဆိုပါတယ်။ ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးက ဆေးရုံမှာ အသက်လု ကုသနေရပြီး ကျန်နှစ်ဦးက အထူးကြပ်မတ်ဆောင်မှာ ထားရှိ ကုသမှုခံယူနေတယ်လို့လည်း သူမက ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Eure ဒေသ Icarville မြို့ရှိ ကားလမ်းတိုးလ်ဂိတ်တစ်ခုမှာ မေ ၁၄ ရက် မနက်ပိုင်းက ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ Normandy ပြည်နယ် Rouen ရှိ ဒေသဆိုင်ရာစင်တာတစ်ခုမှာ အကျဉ်းသားကို တရားသူကြီးတစ်ဦးက စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးနောက် Evreux မြို့က သူ့အကျဉ်းထောင်ရှိရာကို ပြန်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုလမ်းခုလတ်မှာ Peugeot ကားတစ်စီးကအကျဉ်းထောင်ဗင်ကားကို ခေါင်းချင်းဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့ အစိုးရရှေ့နေက ပြောဆိုပါတယ်။ ဒါ့အပြင် ထောင်ကား​နောက်ကို Audi ကားတစ်စီးကလည်း လိုက်ပါလာခဲ့ပြီး ယင်းကားပေါ်မှ သေနတ်သမားတွေက ထောင်ယာဉ်တန်းမှာ ပါဝင်တဲ့ ကားနှစ်စီးကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီရာဇဝတ်မှုမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ရာ အရာအားလုံးကို လုပ်ဆောင်နေပါတယ်” လို့ မက်ခရွန်က X ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ အလျှော့ပေးမှာ မဟုတ်ကြောင်းနဲ့ ဒီဖြစ်ရပ်ဟာ တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ခိုက်မှုဖြစ်ကြောင်းလည်း သမ္မတက ပြောဆိုသွားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here