အငြင်းပွားရေပြင်မှာ ကျွန်းတုတည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့ ပြောဆိုချက်ကို တရုတ် ငြင်း

0
189

အငြင်းပွားရေပြင်မှာ ကျွန်းတုတစ်ခု တည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့ စွပ်စွဲချက်တွေကို တရုတ်က တုန့်ပြန်ငြင်းဆိုခဲ့ချိန်မှာပဲ တောင်တရုတ်ပင်လယ်ရှိ ၎င်းရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှ သန္တာကျောက်တန်းတွေ၊ သောင်ခုံတွေနဲ့ ကျွန်းငယ်တွေကို ပိုမိုအနီးကပ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

စပရက်တလေကျွန်းစုပေါ်က ရေတိမ်သောင်ခုံတစ်ခုဖြစ်တဲ့ Sabina Shoal ဆီကို သင်္ဘောတစ်စင်း စေလွှတ်ဖြန့်ကျက်ထားကြောင်းနဲ့ ယင်းနေရာမှာ တရုတ်က ကျွန်းတုတစ်ခု ဆောက်လုပ်နေခဲ့ပြီး သဲခုံပေါ်မှာ သန္တာကျောက် အပျက်အစီးတွေ စုပုံချထားတာကို တွေ့ရှိမှတ်တမ်းတင်ထားကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က စနေနေ့မှာ ပြေဆိုခဲ့ပါတယ်။

ပေကျင်းနဲ့ ကာလကြာရှည် သံတမန်ရေးအချေအတင်ပြင်းထန်းစွာဖြစ်ပွားနေခဲ့တဲ့ မနီလာရဲ့ သီးသန့်စီးပွားရေးဇုန် ရေမိုင် ၂၀၀ အတွင်းက တည်နေရာတွေကို တင်းတင်းကျပ်ကျပ် စောင့်ရှောက်သွားဖို့ အမျိုးသားလုံခြုံရေးကောင်စီ (NSC) အကြီးအကဲ အက်ဒွာဒို အန်နိုက ညွှန်ကြားထားတယ်လို့ NSC ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် မာလာယာက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ၎င်းတို့ပိုင်အဖြစ် ပြောဆိုထားတဲ့ အစိတ်အပိုင်းတွေအပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ဆိုခဲ့ပြီး အချို့ကျွန်းတွေပေါ်မှာ မြေပြုပြင်တိုးချဲ့တည်ဆောက်ခြင်း၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေတည်ဆောက်ခြင်းတို့လုပ်ခဲ့တာကြောင့် ဝါရှင်တန်နဲ့ ဒေသတွင်းအတွက် စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

မနီလာရဲ့လောလောလတ်လတ် စွပ်စွဲလာတဲ့ ကျွန်းတုတည်ဆောက်မှုဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့မှာ ပယ်ချခဲ့ပြီး အခြေအမြစ်မရှိသော လုံး၀ ကောလာဟလသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ မကြာသေးခင်က ကောလာဟလတွေကို အကြိမ်ဖြန့်ခဲ့ပြီး တရုတ်နိုင်ငံကို အပုပ်ချကာ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားဖို့ကြိုးစားခဲ့တာတွေဟာ အချည်းနှီးသာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စေ့စပ်ညှိနှိုင်းခြင်း၊ ပြောဆိုဆွေးနွေးခြင်းအားဖြင့် ရေပိုင်နက်အငြင်းပွားမှုတွေကို မှန်ကန်စွာဖြေရှင်းရေး လမ်းကြောင်းမှန်ကို ပြန်သွားဖို့လည်း ၎င်းက မနီလာကို တိုက်တွန်းခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here