ဘရာဇီးရေဘေး သေဆုံးသူ ၁၀၀ ကျော် ရှိလာ

0
62

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ရက်အတန်ကြာနေပြီဖြစ်တဲ့ ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူဦးရေဟာ ဗုဒ္ဓဟူးနေ့(မေ ၈) မှာ ၁၀၀ ကျော်သွားခဲ့ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး မိုးသက်မုန်တိုင်းတွေ ထပ်မံဝင်ရောက်နေမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်မှုလုပ်ငန်းစဉ်တွေဟာလည်း ခက်ခဲနှောင့်နှေးမှုတွေဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

ရီယို ဂရန့်ဒိုဆူးလ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ဖူးသမျှ အဆိုးဝါးဆုံးသော သဘာဝဘေးဒဏ်ဟာ မြူနီစီပယ်နယ်မြေ ၄၀၀ ခန့်အထိ ထိခိုက်မှုဖြစ်ခဲ့ပြီး လူရာနဲ့ ဒဏ်ရာရခဲ့သလို လူဦးရေ ၁၆၀၀၀၀ ကျော်ဟာ ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။

လူအများအပြားဟာ သောက်သုံးရေ သို့မဟုတ် လျှပ်စစ်မီး မရရှိဖြစ်နေသလို နေရာအများအပြားမှာ တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အကူအညီတောင်းခံစရာနည်းလမ်းပင် မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြည်နယ်မြို့တော် ပေါ်တိုအလီဂရီနဲ့ မြို့ကြီး၊ မြို့ငယ်တွေမှာ အရေးပေါ်အခြေအနေ ဆက်ဖြစ်နေတာကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အပ်ဒွပ်ဒို လိုင်တေက အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။

စစ်သား၊ မီးသတ်သမား၊ ရဲနဲ့ စေတနာဝန်ထမ်းစုစုပေါင်း ၁၅၀၀၀ လောက်ဟာ လှေတွေ၊ ဂျက်စကီတွေများစွာနဲ့ ပြည်နယ်တစ်ဝန်း ရေဘေးအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ခြင်း၊ အကူအညီပစ္စည်းတွေ ပေးပို့ခြင်းတွေလုပ်ဆောင်နေကြပါတယ်။

သို့ပေမယ့် မြို့တော် ပေါ်တိုအလီ့ရီမှာ ဗုဒ္ဓဟူးနေ့က မိုးရွာသွန်းမှုတွေ ပြန်ဖြစ်လာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

လျှပ်စီးလက်မှု၊ တစ်နာရီ မိုင် ၅၀ နှုန်း လေပြင်းတိုက်ခတ်မှုတွေကြောင့် လျှပ်စစ်လျှော့ဖြစ်မယ့် အန္တရာယ်တွေရှိလာတဲ့အတွက် ကယ်ဆယ်ရေးလှေများဖြင့် ကယ်ဆယ်ရေးလုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်ထားကြဖို့ မြို့တော်ဝန်ရုံးက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Ref: Inquirer Net


LEAVE A REPLY

Please enter your comment!
Please enter your name here