ရာဖာ စစ်ဆင်ရေး စတင်ပါက အစ္စရေးသို့ လက်နက်အချို့ ပေးပို့ခြင်းကို ရပ်မည်ဟု ဘိုင်ဒင်ဆိုပြန်

0
140

ဂါဇာကမ်းမြောင်ရှိ ရာဖာမြို့သို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပါက အစ္စရေးအား လက်နက်အချို့ ပေးအပ်ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က CNN သတင်းဌာန သို့ ပြောကြားခဲ့သည်။

“သူတို့ ရာဖာ ကိုသွားတိုက်ကြရင်၊ သူတို့ ရာဖာထဲကိုဝင်ရင် လက်နက်တွေ ပေးမှာမဟုတ်ဘူးလို့ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားပါတယ်” ဟု ဘိုင်ဒင်ကဆိုသည်။

ကာကွယ်ရေးလက်နက်အချို့ ထောက်ပံ့မှုများမှာမူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင် ပဋိပက္ခတွင် အစ္စရေးသည် ရာဖာ၌ စစ်ဆင်ရေး မစတင်သေးသဖြင့် သတ်မှတ်ထားသော ကန့်သတ်ချက် အနီရောင်မျဉ်းကို မဖြတ်ရသေးကြောင်း သမ္မတက မှတ်ချက်ပြုခဲ့သည်။

“ဘီဘီ(Bibi)နဲ့ စစ်ဖက်ဆိုင်ရာကက်ဘိနက်အဖွဲ့ကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ၊ သူတို့ ရာဖာကို သွားမယ်ဆိုရင် သူတို့အတွက် အထောက်အပံ့ကို ရနိုင်မှာမဟုတ်ဘူး” ဟု အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို ဘီဘီဟု ရည်ညွှန်းပြီး သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

ဂါဇာ ပဋိပက္ခတွင် ဘိုင်ဒင်၏ ယခုကြေညာချက်သည် “အချိုးအကွေ့တစ်ခုသို့ ရောက်ရှိစေသည်” ဟု CNN သတင်းဌာနက ဆိုထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် ကလည်း ရာဖာမြို့အနီးတဝိုက် အခြေအနေနှင့် ပတ်သက်၍ အစ္စရေးသို့ပေးပို့မည့် ကာလတို စစ်ရေးအကူအညီအချို့ကို ပြန်လည်သုံးသပ်နေကြောင်း အစောပိုင်းကပင်ပြောကြားခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here