စက်မှုကုန်ချောတင်ပို့မှု ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့ထား

0
111

ယခုဘဏ္ဍာနှစ်၏ တစ်လအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၆ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုသည် အဆိုပါကာလအတွင်း ဒေါ်လာ ၄၅၇ ဒသမ ၁၁၈ သန်းရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခုနစ်လဆက်တိုက် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့သောကြောင့် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၈ ဒသမ ၈၇၅ ဘီလီယံသာရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် တင်ပို့မှုပမာဏ ဒေါ်လာ ၂ ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချောပစ္စည်းတို့ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အဆိုပါတစ်လအတွင်း စုစုပေါင်းပို့ကုန်ပမာဏ ဒေါ်လာ ၈၈၇ ဒသမ ၅၂၂ သန်းရှိခဲ့၍ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၄၀ ကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here