ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်မည့် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)  (၅ တန်) ဖမ်းဆီးရမိ

0
393

ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်)ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးတွင် မေလ (၁)  ရက်၊ ည ၈ နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးရာ ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင် မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။  

အဆိုပါ ဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်)သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  

၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသသည်။

ဖြစ်စဉ်အရ ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here