ဟွန်ဆန်နဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အွန်လိုင်းမှ ဆွေးနွေး

0
94

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆန်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်္ဂါနေ့(မေ ၇) နံနက်ပိုင်း၌ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆွေးနွေးရာ၌ နစက ဥက္ကဋ္ဌနှင့်ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ၎င်းအနေဖြင့် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရမှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ဟွန်ဆန်က ဦးစွာပဏာမ နှုတ်ဆက်စကား ဆိုခဲ့သည်။ ယခုတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခံစားနိုင်ရန်နှင့်အချင်းချင်း အကျိုးစီးပွားဆိုင်ရာများနှင့်ပတ်သက်၍ မေးမြန်းသိရှိနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း ပြောသည်။

ယင်းနောက် နစက ဥက္ကဋ္ဌက ဟွန်ဆန်အထက်လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်ခံရမှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောဆိုခဲ့ပြီး ဟွန်ဆန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်းနှင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် မြန်မာ့ပြဿနာဖြေရှင်းရေး၌ ပါဝင်ကူညီခဲ့မှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းသို့အပြန်အလှန်နှုတ်ဆက်စကားဆိုပြီးနောက် ဟွန်ဆန်က အာဆီယံရေးရာများ၌ နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကို ဗီဒီယို မှ တဆင့် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးဖို့ရာ စဉ်းစားပေးရန် နစက ဥက္ကဋ္ဌကို ထပ်မံတောင်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဆီယံ၏ အချက်ငါးချက်ပါသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးသည် အရေးကြီးကြောင်းကိုလည်း ဟွန်ဆန်က အလေးပေးပြောကြားခဲ့ပြီး ဤတိုးတက် ဖြစ်ပေါ် ပြောင်းလဲမှုသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြေရှင်းရာမှာ အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် ဇန်နဝါရီလမှာ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နစက,က နိုင်ငံရေးနှင့်မဆိုင်သော ကိုယ်စားလှယ် စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းကိုလည်း ကြိုဆိုပါကြောင်း ဟွန်ဆန်က ပြောဆိုခဲ့ပြီး နောင် အာဆီယံ၏ အဓိကအစည်းအဝေးများသို့ ကိုယ်စားလှယ်များကို ဆက်လက်စေလွှတ်သွားဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ဟွန်ဆန်၏ ပြောဆိုချက်များကို နစက ဥက္ကဋ္ဌက တုန့်ပြန်ရာ၌ အာဆီယံအစည်းအဝေးများသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များကို ဆက်လက်စေလွှတ်သွားရန် သဘောတူပါကြောင်းနှင့်အခြား သော အဆိုပြုချက်များ နှင့်ပတ်သက်၍ အထူးဂရုပြု စဉ်းစားသွားဖို့ ကတိပြုပါကြောင်း ဆိုခဲ့သကဲ့သို့ ဤ အဆိုပြုချက်များအပေါ် ဆက်လက်ဆွေးနွေးကြရန်နှင့် လွတ်လပ်ပြီး တရားမျှတကာ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ ပြင်ဆင်မှုကို ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ထံမှ အတွေ့အကြုံကောင်းများကို မျှဝေရေးအတွက် သိပ်မကြာခင်ကာလမှာ ကမ္ဘောဒီးယားနိုင်ငံသို့ သူ့ရဲ့ အထူးသံတမန်စေလွှတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟြသိရသည်။

Ref: ဟွန်ဆန်ဖေ့စ်ဘုတ်ပေ့ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here