အစ္စရေးသို့ ခဲယမ်းများ တင်ပို့မှုကို ဘိုင်ဒင် အစိုးရ ခေတ္တရပ်ဆိုင်း

0
160

သမ္မတဘိုင်ဒင် အစိုးရက အစ္စရေးသို့ အမေရိကန်လုပ် လက်နက်ခဲယမ်းများ တင်ပို့မှုကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ခုက ထုတ်ဖော်ပြောကြားခဲ့ကာ ယင်းဆုံးဖြတ်ချက်ကို အဘယ်ကြောင့် ချမှတ်ခဲ့သည်ကိုမူ ရှင်လင်းစွာ မသိရှိရသေးဟုဆိုသည်။

ယခု ခေတ္တရပ်ဆိုင်းလိုက်သည့် လက်နက်ခဲယမ်းများ တင်ပို့မှုနှင့်ပတ်သက်၍ မေးမြန်းရာတွင်မူ အစ္စရေးနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ အကူအညီများကိုမူ ဆက်လက်ကူညီလျှက်ရှိနေကြောင်း အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အမေရိကန်သည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးအတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာ တိုးမြှင့်ခဲ့ပြီး အစ္စရေးသို့ အရေးပေါ်အကူအညီ အကြီးမားဆုံး ဖြည့်စွက်လျာထားချက်အဖြစ် အစ္စရေးနယ်နိမိတ်အတွင်းသို့ ကျော်ဖြတ်၍ အီရန်၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အစ္စရေးကို မကြုံစဖူးသော ကူညီမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အစ္စရေးနိုင်ငံသည် သူရင်ဆိုင်နေရသည့်  ခြိမ်းခြောက်မှုများကြားထဲတွင် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန် သေချာစေဖို့ လိုအပ်သည်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစ္စရေးအပေါ် မူဝါဒ အပြောင်းအလဲ မရှိဟုလည်း အမေရိကန် အရာရှိများကပြောသည်။ ပြီးခဲ့သောလက သမ္မတဘိုင်ဒင်သည် အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွက် ဒေါ်လာ ၂၆ ဘီလီယံပါဝင်သည့် နိုင်ငံခြားအကူအညီ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်း ဥပဒေမူကြမ်းတွင် အစ္စရေးအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၅ ဘီလီယံ၊ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဒေါ်လာ ၉ ဘီလီယံနှင့် ဒေသတွင်းအမေရိကန်စစ်ဆင်ရေးအတွက် ဒေါ်လာ ၂.၄ ဘီလီယံသုံးစွဲရန် တို့ ပါဝင်သည်။

သို့သော်လည်း ပါလက်စတိုင်း တစ်သန်းကျော် ခိုလှုံနေကြသည့် ရာဖာတွင် အစ္စရေးက တိုက်ခိုက်နေမှု၏ အလားအလာကိုမူ အမေရိကန် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here