ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်သင့်လျော်သည့်ငွေကြေး မူဝါဒများချမှတ်ဆောင်ရွက်နေဟုဆို

0
76

ပြည်တွင်း၌ မြင့်တက်နေသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ဖြေရှင်းရန် ဗဟိုဘဏ်အနေဖြင့် သင့်လျော်သည့်ငွေကြေး မူဝါဒများချမှတ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းမှာ အမေရိကန်နိုင်ငံမှ အတိုးနှုန်း မြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်းလာမှု၊ သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေများအား ဈေးကွက်မှ ဝယ်ယူဖြည့်တင်းနေရခြင်းတို့ကြောင့်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ‌ငွေကြေးဖောင်းပွမှုနှုန်းမြင့်တင်ရခြင်း၏ ပြည်တွင်း၊ ပြည်ပ အခြေအနေများအား စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသုံးသပ်လျက် သင့်လျော်သည့်ငွေကြေး မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအခြေအနေ၊ ငွေကြေးပမာဏအခြေအနေ၊ ဘဏ်များ၏ ချေးငွေနှင့် GDP အချိုး၊ အိမ်ထောင်စုကြွေးမြီနှင့် GDP အချိုးစသည့် အခြေအနေများအား စိစစ်သုံးသပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ရည်မှန်းချက်အတိုင်းရရှိနိုင်ရန်အတွက် ငွေကြေးမူဝါဒနည်း လမ်းများအနက်မှ အတိုးနှုန်းမြှင့်တင်ခြင်းနည်းလမ်းထက် ဘဏ်များကမြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးအား မြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်း (Interest on Excess Reserve -IOER) နည်းလမ်းတို့အားဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဘဏ်များ၏ အပ်ငွေနှင့် ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့်လည်သုံးစွဲငွေနှင့် စုစုပေါင်းငွေကြေးပမာဏတိုးတက်မှုကိုထိန်းကျောင်းရန်နှင့် ငွေကြေး ဖောင်းပွမှု ဖိအားလျှော့ချနိုင်ရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ၃.၅ ရာခိုင်နှုန်းမှ ၃.၇၅ ရာခိုင်နှုန်း သို့တိုးမြှင့်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း (Interest on Excess Reserve-IOER) အား လက်ရှိ ၃.၆ ရာခိုင်နှုန်းမှ ၃.၈ ရာခိုင်နှုန်းသို့ မြှင့်တင်ခြင်းတို့ကို ၂၀၂၄ ခုနှစ်၊ မေလမှစ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ပျမ်းမျှ ပိုလျှံသီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း (Interest on Excess Reserve-IOER) အား မြှင့်တင်ပေးခြင်းဖြင့် ဘဏ်များမှ အပ်နှံငွေပေါ်ပေးရသည့် အတိုးစရိတ်အားအထိုက်အလျောက်ပံ့ပိုးပေးနိုင်ပြီး၊ ဘဏ်များ၏စီးပွားရေးကဏ္ဍများသို့ ချေးငွေများပိုမိုထုတ်ချေးနိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ထို့ပြင် ဘဏ်များအနေဖြင့် ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေစာရင်းတွင် အပ်နှံငွေများပိုမိုထားရှိခြင်းဖြင့် ဈေးကွက်အတွင်းရှိငွေကြေးများအား သွယ်ဝိုက်နုတ်သိမ်းရာရောက်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းဖိအားကို လျော့နည်းစေမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here