ဟူသီအဖွဲ့က အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး လေယာဉ်ပျက်ကို ထုတ်ဖော်ပြသ

0
299

အမေရိကန်စစ်တပ်ရဲ့ MQ-9 Reaper မောင်းသူမဲ့လေယာဉ်တစ်စင်းကို ထပ်မံပစ်ချခဲ့တယ်လို့ ယီမင် ဟူသီသူပုန်အဖွဲ့က စနေနေ့မှာ ပြောဆိုခဲ့ပြီး လေယာဉ်ပျက်ရဲ့ လူသိများတဲ့ အစိတ်အပိုင်းတွေကို မြင်တွေ့ရသော ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲအပေါ် ၎င်းတို့ရဲ့ ဖိအားပေးလှုပ်ရှားမှုတွေ အတန်ငယ်ငြိမ်သက်သွားခဲ့ပြီးနောက် ယခုသီတင်းပတ်မှာ တိုက်ခိုက်မှုများစွာကို ပြန်လည်ဖော်ဆောင်လာတဲ့ ဟူသီအဖွဲ့က Reaper ကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်းနဲ့ ပစ်ချခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လေတပ် ဒုတိယဗိုလ်မှူးကြီး ဘာရွန်းဂျေ မက်ဂါရီက အမေရိကန် လေတပ်ရဲ့ MQ-9 လူမဲ့ဒရုန်းတစ်စင်း ယီမင်မှာ ပျက်ကျခဲ့တယ်လို့ AP သတင်းဋ္ဌာနကို စနေနေ့မှာ ဝန်ခံပြောဆိုခဲ့ပြီး ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်းဆိုကာ အသေးစိတ်အချက်တွေကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မောင်းသူမဲ့လေယာဉ်ကို ယီမင်ရှိ ၎င်းတို့ရဲ့ အမာခံနယ်မြေ ဆာဒါပြည်နယ်ဝေဟင်မှာ ကြာသပတေးနေ့က ပစ်ချခဲ့တာဖြစ်တယ်လို့ ဟူသီအဖွဲ့က ပြောဆိုခဲ့ပါတယ်။

ဟူသီအဖွဲ့က ၂၀၁၄ ခုနှစ်မှာ ယီမင်နိုင်ငံ မြောက်ပိုင်းနဲ့ မြို့တော် ဆာနားတို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းမှစကာ ၎င်းတို့လက်ချက်နဲ့ အမေရိကန် မောင်းသူမဲ့ယာဉ် ငါးစင်းထက်မနည်း ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ ယင်းမှာ ကြာသပတေးနေ့ ပစ်ချခဲ့တဲ့ တစ်စင်း၊ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၃ နဲ့ ယခုနှစ်အတွင်း တစ်စင်းစီ အသီးသီး ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Ref: ET


LEAVE A REPLY

Please enter your comment!
Please enter your name here