ဓမ္မဿကျေးရွာအုပ်စု တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ဒေသခံများ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု မြို့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

0
67

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဓမ္မဿကျေးရွာအုပ်စုမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ဒေသခံများပြန်လည်အခြေချ နေထိုင်နိုင်ပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကအသိပေးထားသည်။

အဆိုပါ အသိပေးချက်အား ဓမ္မဿကျေးရွာအတွင်း ဆိုင်းဘုတ်များထောင်ကာ နှိုးဆော်ထားခြင်းဖြစ်ပြီး လက်ရှိတွင်ပြန်လည် အခြေချနေထိုင်ခြင်းထက် မီးလောင်သွားသော နေအိမ်များကို ဒေသခံအချို့ လာရောက် ကြည့်ရှု့ခြင်းသာ ရှိကြောင်း သိရသည်။

“အေးချမ်းပြီဆိုပေမယ့် ‌အိမ်က မီးလောင်သွားပြီ။ ပြန်ဆောက်ဖို့က မလွယ်ဘူးလေ။ အချိန်တော်တော်ယူရမှာ။ အသက်လု‌ပြေးရတုန်းက အခြေအနေကိုမသိပေမယ့်အခု ပြန်ကြည့်တော့ ရွာက မီးလောင်ပြင်ကြီးဖြစ်နေတာ”ဟု  မော်လမြိုင်မြို့သို့ စစ်ဘေးရှောင်နေရသူ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဧပြီ (၂၇)ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဓမ္မဿကျေးရွာသို့ သွားရောက်ကာ ဒေသခံများကို အားပေးစကားပြောကြားခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများ ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဓမ္မသကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ၊ ကျေးရွာသားများလည်း စိုးရိမ်ပူပန်မှု မရှိကြရန် ဆွေမျိုးသားချင်းများကိုလည်း လက်ဆင့်ကမ်း ပြန်လည်ပြောကြားပေးစေလိုကြောင်း ဝန်ကြီးချုပ်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။

ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဒေသခံတိုက်ပွဲရှောင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာ၊ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေ အပါအဝင် ကယ်ဆဘယ်ရေးပစ္စည်း (၁၆ )မျိုးကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၇) ရက် ညနေ (၃)နာရီအချိန်ခန့်မှ စတင်ဖြစ်ပွားခဲ့သည့် ဒေသတွင်းတိုက်ပွဲများကြောင့် ဓမ္မသကျေးရွာအတွင်းရှိ နေအိမ် ရာနှင့်ချီ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြ င်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျေးရွာများသို့ တပ်မတော်ကနယ်မြေ စိုးမိုးရေး လုပ်ဆောင်လျက်ရှိပြီး ဓမ္မသကျေးရွာအား ဧပြီ (၂၂) ရက်တွင်လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ (၂၅) ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here