ဗုံးဒဏ်သင့် ဂါဇာရဲ့ အပျက်အစီး တန်ပေါင်း ၃၇ သန်းခန့်ကို ရှင်းလင်းဖို့ရာ ၁၄ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ ကျွမ်းကျင်သူ ပြောကြား 

0
61

အစ္စရေးရဲ့ ဂါဇာစစ်ပွဲဟာ အပျက်အစီး တန်ပေါင်း ၃၇ သန်းခန့်ကို ဖြစ်ပေါ်စေခဲ့ကာ အများစုက မပေါက်ကွဲသေးတဲ့ ဗုံးတွေရောစပ်တည်ရှိနေခဲ့ကြောင်းနဲ့ ဒါတွေကို ရှင်းလင်းဖယ်ရှားပစ်ဖို့ရာ ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူရနိုင်ကြောင်း ကုလသမဂ္ဂ မိုင်းရှင်းလင်းရေးအရာရှိတစ်ဦးက ပြောဆိုပါတယ်။ 

စစ်ပွဲ ခုနစ်လနီးပါးကြလာချိန်မှာ ပျှမ်းမျှအားဖြင့် ဂါဇာကုန်းမြေရဲ့ တစ်စတုရန်းမီတာလျှင် အပျက် အစီးအကျိုးအပဲ့ ၃၀၀ ကီလိုဂရမ်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အီရတ်ဆိုင်ရာ မိုင်းရှင်းလင်းရေးအရာရှိဟောင်း ပါးလော့ဟမ်မားက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုပါတယ်။

ဒါဟာ ဂါဇာရဲ့ လက်ရှိ အပျက်အစီးပမာဏအပေါ် အခြေခံပြီး ထရပ်ကား အစီး ၁၀၀ သုံးကာ ဒါတွေကိုရှင်းလင်းဖို့ ၁၄ နှစ်လောက် လုပ်ရမယ်ဆိုတာကို ပြောနေခြင်းဖြစ်ပြီး စစ်ပွဲဆက်ဖြစ်နေတာမို့ ရှင်းလင်းရေး မည်မျှကြာမယ်ဆိုတာကို ခန့်မှန်းဖို့ရာ မဖြစ်နိုင်ဘူးလို့လည်း သူက ဆက်လက် ပြောဆိုသွားပါတယ်။ 

ဂါဇာရဲ့ ဒေသအတော်များများကို အပျက်အစီးပုံဖြစ်စေခဲ့တဲ့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အစ္စရေးဟာ လူ့အသိုက်အမြုံများကိုဖျက်ဆီးခြင်း “domicide” လုပ်ရပ် ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဂါဇာရှိ ထိခိုက်ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ လူနေအိမ်ရာတွေဖြစ်တယ်လို့ လော့ဟမ်မားက ပြောပါတယ်။ 

ပြိုကျ သို့မဟုတ် ပျက်စီးနေတဲ့ အဆောက်အအုံတွေထဲမှာ ရှိနေတဲ့ လက်နက်ကြီးကျည်တွေ၊ ဒုံးကျည်တွေနဲ့ အခြားလက်နက်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဒါတွေကို ရှင်းလင်းခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းဟာ နှေးကွေးပြီး အန္တရာယ်များတဲ့ လုပ်ငန်းစဉ်လည်းဖြစ်နေပါတယ်။

ပျှမ်းမျှအားဖြင့် ပစ်ခတ်ခဲ့တဲ့ လက်နက်တွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ပေါက်ကွဲခြင်း မဖြစ်ခဲ့တာကြောင့် ဒါတွေကို မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ဖယ်ရှားရမှာဖြစ်တယ်လို့ လော့ဟမ်မားက ပြောဆိုခဲ့ပါတယ်။ 

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here