ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို တရုတ်က လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ပြီး မြန်မာ့ရဲတပ်ဖွဲ့အား ယွမ် (၅)သန်း အကူအညီပေး

0
46

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့်  ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အား တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံ ရေးဆိုင်ရာဝန်ကြီးဌာနက အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Golden Great Wall Commemorative Medal ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်သည် နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိများကို ချီးမြှင့်သည့် ဆုဖြစ်ပြီး တရုတ်နိုင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဝမ်ချောက်ဟုန်က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကို ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်နိုင်ငံသို့ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဝမ်ချောက်ဟုန်၏ ဖိတ်ကြားချက်အရ (၆) ရက်တာ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။

ယခု ခရီးစဉ်အတွင်း တရုတ်အစိုးရက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ယွမ် (၅) သန်းအကူအညီပေးရေးအတွက် သဘောတူညီခဲ့ပြီး ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်  ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်သည့် ဝမ်ချောက်ဟုန်တို့ အကူအညီပေးအပ်ရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အနေဖြင့် သူ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

ထို့ပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here