အိန္ဒိယမှာ ရွေးကောက်ပွဲ ဒုတိယအဆင့်အတွက် မဲပေးမှုတွေ စတင်

0
301

ဘာသာရေး၊ ခွဲခြားဆက်ဆံမှု၊ ကတိကဝတ်ပြုမှုနဲ့အခွန်ကိစ္စတွေလို ထိရှလွယ် အကြောင်းအရာတွေအပေါ် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ သူ့ပြိုင်ဘက်တွေ အာရုံစိုက် မဲဆွယ်မှုမြှင့်တင်နေစဉ် အိန္ဒိယရဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲ ဒုတိယအဆင့် မဲပေးမှုတွေကို စတင်နေပြီဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာ စတင်ခဲ့ပြီး ဇွန်လ ၁ ရက်မှာ အဆုံးသတ်မယ့် အဆင့် ၇ ဆင့်ပါ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၁ ဘီလီယံနီးပါးရှိနေကာ ဆန္ဒမဲတွေကိုတော့ ဇွန်လ ၄ ရက်မှာ စတင်ရေတွက်သွားမှာဖြစ်ပါတယ်။

မိုဒီဟာ ၎င်းရဲ့ စီးပွားရေးမှတ်တမ်း၊ လူမှုဖူလုံရေးအစီအမံတွေ၊ နိုင်ငံတော်ဂုဏ်သိက္ခာ၊ ဟိန္ဒူအမျိုးသားရေးဝါဒနဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားမှုတွေကို ကျောထောက်နောက်ခံပြုကာ စံချိန်တင် တတိယမြောက်သက်တမ်းရွေးကောက်ခံရရေး ကြိုးပမ်းနေပါတယ်။ စစ်တမ်းတွေအရလည်း သူဟာ မဲအများစုအတွက် သက်သောင့်သက်သာနဲ့ အနိုင်ရရှိနိုင်တယ်လို့ ထွက်ပေါ်ထားပါတယ်။

သောကြာနေ့ မဲပေးမှုတွေမှာ အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာအနက် ၈၈ နေရာအတွက် မဲပေးရွေးချယ်သွားကြမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ သန်း ၁၆၀ ရှိကြောင်း သိရပါတယ်။ ယခုအဆင့်မှာတော့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံရဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေပေါင်း ၁၃ ခုမှာ မဲပေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အမတ်နေရာ ၈၈ နေရာအနက် ထက်ဝက်ကျော်ဟာ နိုင်ငံတောင်ပိုင်း ကီရာလာ၊ ကာနာတာကာနဲ့ အနောက်မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွေက ဖြစ်ပါတယ်။

မိုဒီနဲ့ အဓိကအတိုက်အခံ ကွန်ဂရက်ပါတီတို့ဟာ လူမျိုးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မဲဆွယ်စည်းရုံးမှုဟာ ရွေးကောက်ပွဲ ပထမအဆင့် ကတည်းက ပြိုင်ဆိုင်မှုပုံစံ ပြောင်းလဲလာခဲ့ပါတယ်။ ကွန်ဂရက်ပါတီဟာ လူနည်းစု မွတ်ဆလင်တွေကို မျက်နှာသာပေးနေကြောင်းနဲ့ အမွေဆက်ခံမှုတွေကို အခွန်စည်းကြပ်ဖို့ စီစဉ်နေကြောင်း မိုဒီက စွပ်စွဲပါတယ်။

ကွန်ဂရက်ပါတီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မိုဒီဟာ အလုပ်လက်မဲ့များမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ကျေးလက်ဒေသရဲ့ အခက်အခဲတွေလို အမှန်တကယ်ပြဿနာတွေကနေ လူထုကို အာရုံထွေပြားအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: The Courier


LEAVE A REPLY

Please enter your comment!
Please enter your name here