ဘူးသီးတောင်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း နစက သတင်းထုတ်ပြန်

0
116

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ (၁၇) ရက်က ဘူးသီးတောင်မြို့ ၊ အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်များ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မတူညီသည့် လူမျိုးစု နှစ်ခုအကြား လူမျိုးရေးပဋိပက္ခအသွင် အခြေအနေတင်းမာမှုများ ဖြစ်ပေါ်နေသည့်အပြင် အပြန်အလှန်စွပ်စွဲပြစ်တင်မှုများ မြင့်တက်လျက်ရှိနေခြင်း ဖြစ်သည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အမှတ် (၅) ရပ်ကွက်ရှိ ကားပစ္စည်းဆိုင် တစ်ဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် (၅၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ‌ရခိုင်အသိုင်းအဝိုင်းနှင့် သတင်းဌာနများက အဆိုပါ မီးလောင်မှုသည် ARSA နှင့် RSO အဖွဲ့များ၏ လုပ်ဆောင်မှုဖြစ်ပြီး နေအိမ် (၂၀၀) ကျော် မီးလောင်ဆုံးရှုံးကာ ပြည်သူ (၁၀၀၀) ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ပြောဆိုရေးသားမှုများ ရှိနေသည်။

နစက၏ သတင်းထုတ်ပြန်ချက်တွင် နှစ်ထပ်တိုက်နေအိမ် (၃၀) လုံးခန့်နှင့် ပျဉ်ထောင်/ သွပ်မိုးနေအိမ် (၂၀)လုံးကျော် စုစုပေါင်း နေအိမ် အလုံး (၅၀) ကျော် မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ကြောင်း ဖော်ပြထားပြီး အဆိုပါ ရပ်ကွက်၌ နေထိုင်သော ဒေသခံပြည်သူများမှာ မတ်လ (၃၁) ရက်မှစတင်၍ ၎င်းရပ်ကွက်၌ နေထိုင်ခြင်းမရှိဘဲ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိန္ဒိယအခြေစိုက် Indian Express သတင်းဌာနက ဘူးသီးတောင်မြို့ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် မြို့နေမွတ်စလင်အချို့ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုထားပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် မည်သည့်အချိန်အခါကမှ လူမျိုးရေး ပဋိပက္ခ မဖန်တီးခဲ့ကြောင်း ယမန်နေ့ ဧပြီလ (၁၈) ရက်က တုန့်ပြန်ပြောကြားထားသည်။

“ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ရင် ဘယ်လောက်ထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်း အားလုံးသိတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေး ပဋိပက္ခကို ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here