စံချိန်တင် မိုးရွာသွန်းမှုကြောင့် ဒူဘိုင်း လေဆိပ်နဲ့ လမ်းတွေ ရေမြုပ်

0
133

ရေကြီးမှုကြောင့် ဒူဘိုင်းရဲ့ ကြီးမားတဲ့ အဝေးပြေးလမ်းတွေ ပိတ်ဆို့ခဲ့ရသလို အဓိကလေဆိပ်ဟာလည်း ဝရုန်းသုန်းကားအခြေအနေကြုံခဲ့ရကာ စံချိန်တင်အောင် အကြီးအကျယ်မိုးရွာသွန်းခဲ့မှုအပြီး နောက်တစ်ရက်ဖြစ်တဲ့ ဧပြီ ၁၇ ရက်အထိ အရှေ့အလယ်ပိုင်းရဲ့ ဘဏ္ဍာရေးဗဟိုချက်ဒေသဟာ မကြုံစဖူးအခြေအနေကို ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

မိုးရေချိန် ၂၅၉.၅ မီလီမီတာ ခန့်ရွာသွန်းခဲ့ပြီးနောက် ခြောက်လမ်းသွားအဝေးပြေးလမ်းမကြီးတလျှောက် ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ သဲကန္တာရဒေသတစ်ခုဖြစ်တဲ့ ယူအေအီးနိုင်ငံမှာ ဧပြီ ၁၆ ရက်က ရွာသွန်းခဲ့တဲ့မိုးဟာ လွန်ခဲ့တဲ့ ၇၅ နှစ်ခန့်က စတင်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေအရ အများဆုံးမိုးရေချိန်ဖြစ်တယ်လို့ သိရပါတယ်။

Ras Al-Khaimah မှာ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး ကားနဲ့အတူ ရေစီးကြောင်းထဲ မျောပါခဲ့ကာ သေဆုံးမှုဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ရေမြုပ်ဧရိယာတွေနဲ့ ရေပြင်မှာ ထားပစ်ခဲ့တဲ့ ကားတွေပြန့်ကျဲရှိနေခဲ့တဲ့ ဒူဘိုင်းမြို့ဝန်းကျင်မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေခဲ့တယ်လို့လည်း သိရပါတယ်။

လေဆိပ်အနီးက ဥမင်ကားလမ်းတစ်ခုဟာ ခေါင်မိုးထိ ရေရောက်နေပြီး အချို့ လူနေရပ်ကွက်တွေဟာ ပေါင်လည်လောက်အထိ ရေရောက်နေခဲ့ပါတယ်။

ဒီလိုမြင်ကွင်းမျိုးတွေဟာ ဒူဘိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ Sharjah အပါအဝင် ပင်လယ်ကွေ့နိုင်ငံတစ်ဝန်းမှာ မြင်တွေ့ရပြီး ရေမြုပ်နေတဲ့ လမ်းမကြီးတွေပေါ် ဒေသခံတွေ ဖြတ်သန်းသွားလာနေကြတာ၊ ရေထဲမှာ ယာယီလှေတွေနဲ့ လှော်ခတ်သွားလာကြတာတွေလည်း တွေ့ရပါတယ်။

တိမ်မည်းတွေ ဖုံးလွှမ်းကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး နောက်တစ်နေ့ ဧပြီ ၁၇ ရက်မှာတော့ ကောင်းကင်မှာ နေသာလျက်ပြန်တွေ့ခဲ့ရပြီး တစ်ညလုံး ကားတွေပေါ်မှာ ရုံးခန်းတွေမှာ ပိတ်မိနေခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံအဖြစ်အပျက်တွေကို ပြန်ပြောပြခဲ့ကြကြောင်း သိရပါတယ်။

ဒူဘိုင်းမှာ စာသင်ကျောင်းတွေကို နောက်သီတင်းပတ်အထိ ပိတ်ထားမယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး ဒီထုတ်ပြန်ချက်အရ သဘာဝဘေးကြောင့် သန့်ရှင်းရေးလုပ်ရမယ့် အတိုင်းအတာအနေအထားကို ထင်ဟပ်စေခဲ့ပါတယ်။

The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here