အင်ဒိုနီးရှားနဲ့  မဟာဗျူဟာ​မြောက်ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ တရုတ်က ဆန္ဒရှိဟု ရှီက ပရာဘိုဝိုကို ပြောကြား 

0
177

အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ဧပြီ ၁ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကြီးထွားလာနေတဲ့ စီးပွားရေး၊ မဟာဗျူဟာ ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်မှာ မစ္စတာ ပရာဘိုဝိုရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

ပေကျင်းရှိ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်ရှု့ထောင့်ဖြင့် ရှုမြင်ကြောင်း မစ္စတာရှီက မစ္စတာ ပရာဘိုဝိုကို ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ အင်ဒိုနီးရှားနဲ့ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့တယ်လို့ CCTV သတင်းဋ္ဌာနက ဖော်ပြပါတယ်။ 

တရုတ်က တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စတင်ပြေးဆွဲခဲ့တဲ့ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို ရည်ညွှန်းကာ မစ္စတာရှီက နှစ်နိုင်ငံအကြား အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် “ရွှေရောင်ဆိုင်းဘုတ်”အဖြစ် တင်စားပြောဆိုခဲ့ပါတယ်။ 

တရုတ်သတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ မစ္စတာ ပရာဘိုဝိုက လက်ရှိ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ တရုတ်နိုင်ငံနဲ့ ခင်မင်ရင်းနှီးရေးပေါ်လစီကို ဆက်လက်ဖော်ဆောင်သွားဖို့ ဆန္ဒရှိကြောင်းနဲ့ ဆက်ဆံရေး ပိုမိုကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အစိုးရသစ်က တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းမှုရှိရေး အာမခံချက်မှာ တရုတ်နိုင်ငံက အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့ မိမိ ရှုမြင်ပါကြောင်းလည်း ပရာဘိုဝိုက ပြောဆိုတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပြုလိုဖို့ရာ တရုတ်နိုင်ငံရဲ့ အဆင့်သင့်ရှိမှုကို မစ္စတာရှီက အလေးပေးပြောကြားခဲ့သလို အရှေ့တောင်အာရှရဲ့ ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရာမှာ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here