ထောက်လှမ်းရေး ဂြိုဟ်တုများ ဆက်လက်လွှတ်တင်သွားမည်ဟု မြောက်ကိုရီးယားဆို

0
82

ယခုနှစ်အတွင်း ထောက်လှမ်းရေးဂြိုဟ်တုများ ဆက်လက် လွှတ်တင်ရန် စီစဉ်နေခြင်းအားဖြင့် အာကာသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) က တွန်းအားပေးဆောင်ရွက်နေကြောင်း မြောက်ကိုရီးယား အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Pak Kyong Su က ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်မှာ Malligyong-1 ဆိုတဲ့ ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်တွေ သိသိသာသာ တိုးတက်လာခဲ့သလို၊ ဒီနှစ်မှာလည်း ဆက်လက်လွှတ်တင်ဖို့ မျှော်လင့်ထားပါတယ်” ဟု မြောက်ကိုရီးယား အာကာသ ဖွံ့ဖြိုးတိုးတက်မှု နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းတွင် Pak Kyong Su က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာကာသစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအားကောင်းသည့်နိုင်ငံဖြစ်လာရန် မြောက်ကိုရီးယားအတွက် အလွန်အရေးကြီးကြောင်း၊ မြောက်ကိုရီးယားသည် စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ဂြိုလ်တုများ အသုံးပြုရန် ကြိုးပမ်းနေကြောင်း Pak Kyong Su က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တုဖြစ်သည့် Malligyong-1 ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က လွှတ်တင်ခဲ့သည်။ ၎င်း၏စမ်းသပ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အိမ်ဖြူတော်၊ ပင်တဂွန်နှင့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်ရှိ စစ်ဘက်ဆိုင်ရာနေရာအချို့ကို ဂြိုလ်တုမှ ဓာတ်ပုံရိုက်ကူးကာ ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နောက်ထပ် ထောက်လှမ်းရေးဂြိုလ်တု ၃ လုံးကို ယခုနှစ်အတွင်း ထပ်မံလွှတ်တင်ရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here