ဟိုတယ်/ခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား

0
68

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ မတ်လ (၂၈) ရက် မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြပြီး နိုင်ငံစီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းနိုင်ရေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားမြှင့်တင် ရေးအတွက်ကြော်ငြာနိုင်ရေးကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းအမျိုးအစားများ အတူတကွဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရော က်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးကိစ္စရပ်များဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရ – ပုဂ္ဂလိကကိုယ် စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်နိုင်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြားစီးပွားရေး ကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊ ထိုင်းနိုင်ငံသို့ လာရောက်သည့် ပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ်များတိုးချဲ့ရေးဆွဲနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် နှစ်နိုင်ငံအစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here