ဝိုင်းမော်မြို့နယ်အတွင်း၌ ခိုလှုံနေသည့် နေရပ်စွန့်ခွာနေရသူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သိန်းခွဲ ထောက်ပံ့ကူညီ

0
88

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်အတွင်း ခိုလှုံနေသော နေရပ်စွန့်ခွာအိမ်ထောင်စု(၂၇၇)စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးမှုအား ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၏ပံ့ပိုးမှုဖြင့် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက အထူးစီမံချက်အနေဖြင့် ထို့သို့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထောက်ပံ့ကူညီရာတွင် အိမ်ထောင်စု (၂၇၇) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကျပ် (၂၅၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သိန်း (၆၉,၂၅၀,၀၀၀)ကျပ်အား သွားရောက် ထောက်ပံ့ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ငွေသားထောက်ပံ့မှုအား ယခု မတ်လ (၂၅)ရက်နေ့၌ ဝိုင်းမော်မြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ သိုးသူငယ်နှင့် ဝိုင်းမော်ဇုံနယ် လီဆူနှစ်ခြင်း ယာယီနေရပ်စွန့်ခွာစခန်းများတွင်ခိုလှုံနေကြသူများအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် MRCS က ယခုလအတွင်း ချင်းပြည်နယ်အတွင်း ရွေ့လျား ဆေးကုသခန်းများဖွင့်လှစ်၍ မင်းတပ်မြို့၊ ပန်းအော့၊ ရှိရိန်း၊ ဟမ်းပုံ၊ လှီယော၊ လှေးကောင်း၊ လေလှိုင်း၊ ကျီတဲ၊ မကြန်းအိမ်၊ အမ်လောင်း၊ မာန်း၊ ဘော(၃)ရွာ၊ ဘောင်ထဲ စသည့် ကျေးရွာများရှိအမျိုးသား (၁၉၃)ဦး၊ အမျိုးသမီး(၄၅၁)ဦး စုစုပေါင်း လူဦးရေ (၆၄၄)ဦး တို့အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။

MRCS အ‌နေဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် အတွင်းရှိ ရပ်ရွာလူထုအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန်အတွက် (၂၀၂၁)ခုနှစ်မှ ယခု (၂၀၂၄)ခုနှစ် ၊မတ်လအထိ (၇)ကြိမ်သွားရောက်ခဲ့ပြီး လူဦးရေ (၈၇၂၇)ဦး အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MRCS


LEAVE A REPLY

Please enter your comment!
Please enter your name here