ကမ္ဘာ့မာရသွန်အပြေး စံချိန်ရှင် ယာဉ်မတော်တဆမှုဖြင့် သေဆုံး 

0
142

ကင်ညာနိုင်ငံသား ကမ္ဘာ့ မာရသွန်အပြေး စံချိန်ရှင် ကယ်ဗင် ကစ်ပ်တမ်နဲ့ သူ့ နည်းပြဖြစ်သူတို့ဟာ တနင်္ဂနွေနေ့က Rift Valley မှာ .ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ 

အသက် ၂၄ နှစ်အရွယ် အပြေးသမားဟာ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ချီကာဂို မာရသွန်မှာ ၂ နာရီ ၃၅ စက္ကန့်နဲ့ ပန်းဝင်ကာ ၂၀၂၂ ခုနှစ်က ဘာလင် မာရသွန်မှာ တစ်နိုင်ငံတည်းသား Eliud Kipchoge တင်ထားခဲ့တဲ့ ၂ နာရီ ၁ မိနစ် ၉ စက္ကန့် စံချိန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သမိုင်းတစ်လျှောက် အမြန်ဆုံး မာရသွန်စံချိန် ခုနစ်ကြိမ်မှာ သုံးကြိမ်အထိ မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ကစ်ပ်တမ်ဟာ မာရသွန်ပြိုင်ပွဲမှာ နှစ်နာရီအောက် စံချိန်နဲ့ ပြေးနိုင်တဲ့ ပထမဆုံး အမျိုးသားဖြစ်လာဖို့ မျှော်လင့်ထားခဲ့သလို ယခုနှစ်အနှောင်းပိုင်း သူ့ရဲ့ ပထမဆုံး အိုလံပစ်ပွဲအဖြစ် ပါရီအိုလံပစ်မှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

ကယ်ဗင် ကစ်ပ်တမ်နဲ့ သူ့ရဲ့ နည်းပြ ဂါဗာရစ် ဟာကီဇီမာနာတို့ကို ဆုံးရှုံးလိုက်ရပြီဆိုတာ သိရလို့ မိမိတို့ အရမ်းတုန်လှုပ် စိတ်မကောင်းဖြစ်ရကြောင်း ကမ္ဘာ့ပြေးခုန်ပစ်အသင်း ဥက္ကဋ္ဌ ဆီဘတ်စတိန်းကိုးက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ဝမ်းနည်း ကြေကွဲရပါကြောင်းကို သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့ ကင်ညာနိုင်ငံတို့ထံ ကမ္ဘာ့ပြေးခုန်ပစ်ကစားသမားအားလုံးရဲ့ ကိုယ်စား မိမိတို့ အလေးအနက် ဝမ်းနည်းစကားပို့သပါကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။ 

Nation သတင်းစာရဲ့ ဖော်ပြချက်အရ တနင်္ဂနွေနေ့ ညပိုင်းက Rift Valley မှာ ကစ်ပ်တမ်၊ ရဝမ်ဒါနိုင်ငံသား နည်းပြ၊ အမျိုးသမီးတစ်ဦးတို့ ပါဝင်တဲ့ မော်တော်ယာဉ် မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပြီး ကားကို ကစ်ပ်တမ်ကိုယ်တိုင် မောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း ကစ်ပ်တမ်နဲ့ ဂါဗာရစ် ဟာကီဇီမာနာတို့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပေမယ့် အမျိုးသမီးဖြစ်သူကတော့ အသက်သေဆုံးမှုမရှိဘဲ ဒဏ်ရာအပြင်းအထန်ရခဲ့ကာ ဒေသတွင်း ဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

 Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here