ထရန့်ရဲ့ နေတိုးအဖွဲ့အပေါ် မှတ်ချက်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများ ဝေဖန် 

0
118

ရုရှား ကျူးကျော်လာနိုင်ခြေကို ကာကွယ်ဟန့်တားရာမှာ ငွေကြေးလုံလုံလောက်လောက် မသုံးတဲ့ နေတိုးမဟာမိတ်နိုင်ငံတွေကို အမေရိကန်က အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အနောက်နိုင်ငံ ထိပ်တန်းအရာရှိတွေက တနင်္ဂနွေနေ့မှာ တုန့်ပြန်ဝေဖန်ခဲ့ကြပါတယ်။ 

မဟာမိတ်အချင်းချင်း အကာအကွယ်မပေးဖို့ အကြံပြုချက် မှန်သမျှဟာ အမေရိကန်အပါအဝင် မိမိတို့အားလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေမှာဖြစ်ကာ အမေရိကန်နဲ့ ဥရောပစစ်သားတွေကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုးလ်တန်ဘာ့ဂ်က ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားပါတယ်။ 

“နေတိုးအပေါ် တိုက်ခိုက်မှုမှန်သမျှဟာ စုစည်းညီညွတ်တဲ့ ပြင်းထန်သော တုန့်ပြန်မှုနဲ့ ကြုံရမှာဖြစ်တယ်” လို့ ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကင် သမ္မတလောင်းဖြစ်လာဖို့များနေတဲ့ ထရန့်ရဲ့ ပြောဆိုချက်တွေအပေါ် သူက တုန့်ပြန်သွားခဲ့ပါတယ်။ 

ဒါ့အပြင် ပိုလန်ကာကွယ်ရေးဝန်ကြီး Wladddyslaw Kosiniak-Kamysz ကလည်း နေတိုးအဖွဲ့ရဲ့ ဆိုးတူကောင်းဖက် တစ်စိတ်တစ်ဝမ်းတည်း ဆောင်ပုဒ်ဟာ ခိုင်မာတဲ့ ကတိကဝတ်ဖြစ်ကြောင်း၊ မဟာမိတ်နိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှု ကျဆင်းစေခြင်းဟာ နေတိုးတစ်ဖွဲ့လုံးကို အားနည်းစေခြင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာ X ပေါ်မှာ ရေးသားခဲ့ပါတယ်။ 

“မဲဆွယ်စည်းရုံးမှုဟာ နေတိုးအဖွဲ့ရဲ့ လုံခြုံရေးနဲ့ ကစားရမယ့် အကြောင်းအရာ မဟုတ်ဘူး” လို့ သူက ဆိုခဲ့ပါတယ်။ 

ထရန့်ရဲ့ မှတ်ချက်ထွက်လာအပြီးမှာ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ယင်းရဲ့ အင်္ဂလိပ်ဘာသာသုံး X အကောင့်မှာ #StrongTogether ဟက်ရှ်နဲ့အတူ နေတိုးအဖွဲ့ရဲ့ “One for all and all for one” ဆောင်ပုဒ်ကို တွဲတင်ထားခဲ့ပါတယ်။ 

အီးယူကောင်စီဥက္ကဋ္ဌ ချားလ်စ် မီချယ်လ်က နေတိုးအဖွဲ့ လုံခြုံရေးနဲ့ စာချုပ် အပိုဒ် ၅ ရဲ့ စည်းလုံးညီညွတ်မှုအပေါ် မဆင်မခြင် ပြောဆိုချက်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ စာချုပ် အပိုဒ် ၅ အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို လက်နက်ကိုင် တိုက်ခိုက်ခြင်းဟာ အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းအဖြစ် မှတ်ယူပြီး စုစည်းအားနဲ့ ကာကွယ်မှုဖြစ်ပေါ်စေရမယ်လို့ ဆိုထားပါတယ်။ 

စနေနေ့က တောင်ကာရိုလိုင်းနားရှိ နိုင်ငံရေးဆိုင်ရာ လူထုစုဝေးပွဲတစ်ခုအတွင်း ထရန့်က သတ်မှတ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ် ပြည့်မီအောင် မထည့်ဝင်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် ရုရှားက လုပ်ချင်ရာ လုပ်စေဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့ သူ သမ္မတဖြစ်ခဲ့ချိန်က နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ (အမည်မဖော်ပြ) ကို သူပြောဆိုခဲ့မှုအား ပြန်ပြောင်း ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here