ကာတာထံမှ တပစ်ရစ် တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို အင်ဒို ဖျက်သိမ်း

0
171

အင်ဒိုနီးရှားနိုင်ငံဟာ ကာတာနိုင်ငံထံမှ ကန်ဒေါ်လာ ၇၉၀ သန်းဖိုးရှိ တစ်ပတ်ရစ် Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အငြင်းပွားဖွယ် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက စနေနေ့ အနှောင်းပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။

“မီရက်ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ မရှိပါဘူး၊ စီစဉ်ထားတာ ရှိခဲ့ပေမယ့် ဖျက်သိမ်းလိုက်ပါပြီ၊ ဆိုလိုတာကတော့ အသက်ဝင်တဲ့ စာချုပ် မရှိပါဘူး” လို့ ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဒါနီယယ် အန်ဇာ ဆီမန်ဂျန်တက်က ထုတ်ပြန်ချက်မှာ ဆိုခဲ့ပြီး အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူရေးသဘောတူညီမှု ကြန့်ကြာခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပြီး ယင်းအစား ရှိရင်းစွဲ ဆူခွိုင်းနဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပြန်လည်ပြင်ဆင်ဖို့ စစ်တပ်က အမိန့်ပေးလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

တစ်ပတ်ရစ်တိုက်လေယာဉ်တွေဟာ အိုဟောင်းနေခဲ့ပြီလို့ လွှတ်တော်အမတ်တွေက ပြောဆိုလာတာကြောင့် ပြီးခဲ့တဲ့နှစ်က ကြေညာထားခဲ့တဲ့ တိုက်လေယာဉ်တွေ ဝယ်ယူရေးစီစဉ်ထားမှုဟာ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

အဆိုပါ တိုက်လေယာဉ်တွေ ဝယ်ယူရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ တစ်ပြေးနေသူဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုကို မဲဆွယ်ပွဲအတွင်း ပြိုင်ဘက်သမ္မတလောင်းတွေက ဝေဖန်ခဲ့ကြပါတယ်။

သို့ပေမယ့် သမ္မတလောင်း စကားစစ်ထိုးပွဲတစ်ခုမှာ ဒီကိစ္စအပေါ် သူက ကာကွယ်ပြောဆိုရာမှာတော့ တစ်ပတ်ရစ် တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် ကောင်းကောင်းသုံးလို့ရသေးကြောင်းနဲ့ နိုင်ငံအတွက် ဂျက်တိုက်လေယာဉ်အသစ်တွေ ရဖို့ စောင့်ဆိုင်းနေစဉ်မှာ ဒီလေယာဉ်တွေ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref: U.S News


LEAVE A REPLY

Please enter your comment!
Please enter your name here