အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းမှ လုပ်ငန်းအားလုံး (၈၀) ရာခိုင်နှုန်းနီးပါး ပြီးစီး

0
212

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းအနေဖြင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ (၈၀) ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကြောင်း ညောင်ရွှေမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွင် နှုန်းဖမ်းဆည်ငယ် (၃) ခု တည်ဆောက်မှုလုပ်ငန်းများ၊ ကျွန်းမျောရှင်းလင်းခြင်းလုပ်ငန်းများ၊ သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းများ၊ ရေမှော်ရှင်းလင်းလုပ်ငန်းများ အပါအဝင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းအားလုံး (၈၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“အင်းလေးကန် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းနဲ့ ရေရှည်တည်တံ့ရေး လုပ်ငန်းအတွက် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀၀) ရရှိထားပါတယ်။ နှုန်းဖမ်းဆည်ငယ် (၃) ခု တည်ဆောက်လျက်ရှိပါတယ်။ အဲ့နှုန်းဖမ်းဆည်ငယ် (၃) ခုမှာ လက်ရှိ (၄၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်တယ်။ နောက် တစ်ခုကတော့ သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပါတယ်။ တစ်နှစ်လုံး သဲနှုန်းကျွင်း (၅၀၀၀၀) တူးဖော်ဖို့ စီမံလျာထားရာမှာ လက်ရှိ (၃၈၉၀၀) ခန့် ပြီးစီပြီဖြစ်ပါတယ်။ ကျန်ရှိတာက (၁၁၀၀၀) လောက်ပဲကျန်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆို (၇၈) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါတယ်”ဟု ညောင်ရွှေမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက နိုင်ငံပိုင် သတင်းဌာနသို့ ပြောသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နှုန်းဖမ်းဆည်ငယ် (၃) ခု တည်ဆောက်ရာတွင် (၄၀) ရာခိုင်နှုန်း၊ သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းတွင် (၇၈) ရာခိုင်နှုန်း၊ ရေမှော်ရှင်းလင်းခြင်းလုပ်ငန်းတွင် (၃၀) ရာခိုင်နှုန်း၊ ကျွန်းမျောရှင်းလင်းခြင်းလုပ်ငန်းများတွင် (၅၄) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

“ရေမှော်ရှင်းလင်းခြင်းကိုလည်း လုပ်ဆောင်ပါတယ်။ လျာထား ဧက (၁၀၀) မှာ (၃၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။ ကျန်တဲ့ (၇၀) ရာခိုင်နှုန်းကို လက်ရှိ ဆက်လက်လုပ်ဆောင်နေပါတယ်။ ရေမှော် ရှင်းလင်းရာမှာ ရေများတဲ့အချိန် ဆောင်ရွက်ရတဲ့ လုပ်ငန်း မဟုတ်တဲ့အတွက် ရေနည်းတဲ့အချိန်မှာ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အခုလို ပွင့်လင်းရာသီ လုပ်ဆောင်ရတဲ့အတွက် (၃၀) ရာခိုင်နှုန်းပဲ ပြီးစီးသေးတာ ဖြစ်ပါတယ်။ ကျွန်းမျောရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ တစ်နှစ်လုံး ဆောင်ရွက်ဖို့ လျာထားတာ ဧက (၁၂၀) ဖြစ်ပြီး (၆၅) ဧက ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၅၄) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ အင်းလေးကန်ထိန်းသိမ်းစောင့် ရှောက်ရေး စီမံကိန်းတစ်ခုလုံးအနေနဲ့ဆို (၇၈) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အင်းလေးကန် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းနှင့် ရေရှည်တည်တံ့ရေးနှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေသည့် ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်စဉ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

Photo Credit -Wyne


LEAVE A REPLY

Please enter your comment!
Please enter your name here