လွိုင်ကော်မြို့တွင် ပြန်လည် ထူထောင်ရေးများ ဆောင်ရွက်နေ

0
193

နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည့် ကယားပြည်နယ်၊လွိုင်ကော်မြို့တွင် ပြန်လည်တည်ငြိမ်အေးချမ်းလာသောကြောင့် ဒေသအာဏာပိုင် အဖွဲ့အစည်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ ဇွန် (၁၅) ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ(ဗဟို)ဈေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဈေးအတွင်းမီးလောင်ပျက်စီးခဲ့သည့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးဖွင့်လှစ်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ သီရိမင်္ဂလာ(တောင်ကွဲ)စေတီ၊ မြို့နာမ်စေတီအပါအဝင် ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများအပါအဝင် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဦးဆောင်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ဝန်ထမ်းများကို စေတနာရှင်များကလည်း စားစရာနှင့် သောက်ရေသန့်များလှူဒါန်းခဲ့ကြကာ အဆိုပါလုပ်အားပေးအဖွဲ့များကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here