ကရင်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု ယခင်နှစ်ကထက် ၁၀၀ ရာခိုင်နှုန်း တိုးတက်လာ

0
357

ဘားအံမြို့နှင့် အနီးတဝိုက်တွင် ခရီးစဉ် (၂၂) ခုကို ဖော်ဆောင်ထား

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် (၁၃၄,၃၉၅) ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကရင်ပြည်နယ်) မှ သိရသည်။

“၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုက (၁၀၀) ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်နဲ့ ယှဉ်ရင်လည်း ၂၀၂၃ ခုနှစ်မှာ (၁၀၀) ရာခိုင်နှုန်းလောက် ပြန်လည်တိုးတက်လာတာ ရှိပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးသက်လင်းက ပြောသည်။

လက်ရှိ ဘားအံမြို့နှင့် အနီးတဝိုက်တွင် ခရီးစဉ် (၂၂) ခုကို ဖော်ဆောင်ထားရှိပြီး ခရိုင်၊ မြို့နယ်အဆင့်များတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပေးထားကာ သက်ဆိုင်ရာ ခရီးစဉ်ဒေသများအတွင်း DMO အဖွဲ့ငယ်များ ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ဇွဲကပင်တောင်၊ ဆဒ္ဒန်ဂူ၊ ကော့ကသောင်ဂူ၊ ရသေ့ပျံဂူ၊ လွန်ညရေပြာအိုင် စသည့် ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ စနစ်တကျ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် DMO အဖွဲ့များ ဖွဲ့စည်းကာ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

“ခရီးစဉ် ဒေသတွေမှာ ဧည့်သည်တွေ လာရောက်လည်ပတ်တဲ့အခါ လိုအပ်ချက်တွေ မရှိအောင် ဒီအဖွဲ့တွေက ထိန်းညှိသွားဖို့ DMO တွေ အတွက်လည်း လုပ်ငန်းတာဝန် (၁၈) ချက် ချမှတ်ပြီး ဆောင်ရွက်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးသက်လင်းက ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း (၆၀) ရှိပြီး အိပ်ခန်းပေါင်းအနေဖြင့် (၂၁၅၉) ခန်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here