လားရှိုးမြို့ရှိ CS Hotel ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲရာမှ (၁) ဦးသေဆုံး (၅) ဦးဒဏ်ရာရ

0
180

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ CS Hotel ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲခဲ့မှု ယနေ့စက်တင်ဘာ (၁၉) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ညနေ (၅) နာရီခွဲခန့်က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဆိုင်ကယ်မောင်းနှင်လာပြီးနောက် CS Hotel ရှေ့တွင် ဆိုင်ကယ်အားရပ်ထားခဲ့ကာ ပြန်လည်ထွက်ခွာသွားပြီးနောက် ၎င်းတို့ရပ်ထားခဲ့သည့် ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်မှာ ဗုံးဆင်ပြီးထားခဲ့တာပါ။ အခု လုံခြုံရေးအဖွဲ့တွေကတော့ ဆိုင်ကယ်ထားခဲ့တဲ့ လူတွေကိုလိုက်ရှာနေကြတယ်။ ဗုံးပေါက်ကွဲတဲ့ အချိန် အဲဒီနားမှာရှိနေတဲ့ အမျိုးသား (၃) ယောက်နဲ့ အမျိုးသမီး (၂) ယောက် ဗုံးစတွေထိသွားတယ်။ အမျိုးသား (၁) ယောက်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် ကား (၂) စီး၊ CS Hotel ၏ ဝင်ပေါက်တံခါးမှန်နှင့် ဟိုတယ်ပထမထပ်ရှိ မှန်များလည်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး စတင်ပေါက်ကွဲခဲ့သည့် ဆိုင်ကယ်မှာလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here