ယူကရိန်းတရားရုံးတွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား၊တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

0
261

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ရှိ ခရိုင်တရားရုံးတစ်ခုတွင် ဇူလိုင်လ ၅ ရက် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှု နှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် ကိယက်ဗ်မြို့ရှိ ရှက်ဖ်ချန်ကိဗ်စကီ တရားရုံး၌ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယူကရိန်း ပြည်တွင်းဝန်ကြီး အီဂေါ ကလီမန်ကို ၏ ပြောကြားချက်အရ တရားရုံးသို့ ကြားနာရန် ခေါ်ဆောင်သွားသော အမျိုးသားတစ်ဦးက အမျိုးအမည်မသိ ကိရိယာတစ်မျိုးကို ဖောက်ခွဲခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူမှာ အီမန် ဟူမန်ယော့ခ် ဆိုသူဖြစ်ပြီး ကြားနာမှုပြီးနောက် သူသည် တရားရုံးရှိ အိမ်သာသို့ သွားကာ ဖောက်ခွဲရေး ပစ္စည်းများအား အပြင်ဘက်ရှိ အစောင့်နှစ်ဦးဆီသို့ ပစ်ပြီး ဖောက်ခွဲခဲ့သည်။ ထို့နောက် ရဲအရာရှိများနှင့် အချေအတင်ဖြစ်ကာ နောက်တစ်ကြိမ် ဖောက်ခွဲရန် ပြင်ဆင်နေစဉ် အသက်ဆုံးရှုံးသွားခဲ့သည်။ ထိုအဖြစ်အပျက်အတွင်း ရဲအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုအချိန်အထိ ထိုအမျိုးသားနှင့် ရုရှားတို့ကြား ချိတ်ဆက်မှု ရှိကြောင်း မတွေ့ရသေးပေ။ ဗုံးဖောက်ခွဲသူသည် ၂၀၁၅ ခုနှစ်တွင် ယူကရိန်း အမျိုသား သက်တော်စောင့် တပ်ဖွဲ့ဝင် လေးဦး သေဆုံးမှုနှင့် ဆက်စပ်၍ တရားရုံးသို့ လာရောက်ခြင်းဖြစ်သည်။

အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နောက်ထပ်ပေါက်ကွဲမှုတစ်ခု ထပ်မံကြားခဲ့ကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here