နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ ပလက်ဖောင်းကြောင့် မြန်မာ – တရုတ် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းမှု မြင့်တက်လာမည်ဟု တရုတ်သံအမတ်ပြော

0
196

နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲကို ကောင်းမွန်စွာ အသုံးပြု၍ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ဒေသနှစ်ခုအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်၍ ပြည်သူ့အကျိုးစီးပွားများ ဖန်တီးရန်မျှော်လင့်ကြောင်း တရုတ်သံအမတ်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ယမန်နေ့ မေလ (၂၅) ရက် နံနက်ပိုင်းက နေပြည်တော် MICC -2 တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် မြန်မာ (နေပြည်တော်) – တရုတ် (လင်ချန်း) နယ်စပ် စီးပွားရေးကုန်စည်ပြပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးမားဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး အကြီးဆုံး သွင်းကုန်နိုင်ငံဖြစ်သည့်အပြင် အကြီးဆုံး ပို့ကုန်ဈေးကွက်လည်းဖြစ်ကြောင်း Mr. Chen Hai က ပြောသည်။

မြန်မာနိုင်ငံသည် “Belt and Road” နှင့် တရုတ် – မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်ရှိပြီး ပို့ဆောင်ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံများကို ပြီးပြည့်စုံစေကာ ကုန်သွယ်ရေးဝန်ဆောင်မှု ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

ထို့အပြင် ယခုအကြိမ် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲသည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ယူနန် – မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းသည် နှစ်ဦးနှစ်ဖက်၏တူညီသည့် မျှော်မှန်းချက်များဖြစ်ကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ယခုအကြိမ်ပြပွဲ၏ ခေါင်းစဉ်မှာ “ဖွံ့ဖြိုးမှုသစ်များ ရရှိဖို့ လမ်းကြောင်သစ်များ တည်ဆောက်စို့” ဖြစ်ပြီး (၄) ရက် ကြာပြသသွားမည့်အပြင် ပြခန်းနေရာပေါင်း (၁၁၀) ရှိကာ တရုတ် – မြန်မာ နှစ်နိုင်ငံမှ ကုမ္ပဏီများက တက်တက်ကြွကြွ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here