တရုတ်သို့ တင်ပို့သည့် သရက်သီးများ အရည်အသွေးမပြည့်မီ၍ တရုတ်ဝယ်လိုအား ကျဆင်းလာ

0
219

မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် မြန်မာ့သရက်သီးများ ပို့ကုန်အရည်အသွေးမပြည့်မီခြင်းကြောင့် တစ်ဖက်နိုင်ငံ၏ ဝယ်လိုအား လျော့ကျလာကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ့သရက်ကို ယှဉ်ပြိုင်မည့် တရုတ်ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် သရက်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လာချိန်တွင် မြန်မာ့သရက်သီးများမှာ အရည်အသွေး ပြည့်မီမှု အားနည်းလာသည့်အတွက်ကြောင့် ဝယ်လိုအား လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။

” ရောင်းချင်စော အားများပြီး မှည့်ချိန်မတန်သေးဘဲ ကြိုခူးတော့ နုတာတွေပါတာပေါ့။တရုတ်အကောက်ခွန်ဘက်မှာလည်း ကြံ့ကြာမှုတွေ ရှိနေတော့ ဈေးကွက်ထဲ ရောက်တဲ့အချိန်မှာ အရည်အသွေးပိုင်းက မမီတော့ဘူးပေါ့နော်။ အဲဒီတော့ ဝယ်လက်က သိပ်မကြိုက်ကြတော့ဘူး။ အရသာချင်းယှဉ်ရင်တော့ တရုတ်ဘက်က သရက်က မြန်မာ့ သရက်အရသာကို မမီဘူး” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကိုသူရမျိုးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်အကောက်ခွန်၏ စစ်ဆေးမှု ကြန့်ကြာမှုကြောင့် သရက်ကားများ စစ်ဆေးရေးကွင်းတွင် ရက်အတန်ကြာ ပိတ်မိခဲ့ပြီးနောက် ရောင်းကွင်းရောက်ရှိချိန် အရည်အသွေးကျဆင်းကာ အောက်ဈေးဖြင့် ရောင်းရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာဘက်မှ တရုတ်နိုင်ငံအတွင်း တင်ပို့နေသည့် ရွှေဟင်္သာသရက် ဈေးအနေဖြင့် တရုတ်ယွမ် (၅၀) ယွမ် မှ (၈၀) ယွမ်အထိ ဈေးပေါက်ပြီး စိန်တလုံး သရက်ဈေးမှာ (၈၀)ယွမ်မှ (၁၃၀) ယွမ်အထိ ဈေးပေါက်ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ဘက်အခြမ်းသို့ နေ့စဉ်ဝင်ရောက်နေသည့် သစ်သီးဝလံကား အစီရေ (၅၀) ဝန်းကျင် ဝင်ရောက်နေကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှတဆင့် စုံစမ်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here