လွတ်လပ်ရေး ရစ ရန်ကုန် (၉)

လွတ်လပ်ရေး ရစ ရန်ကုန် (၉)
May 5, 2017 Asian Fame
လွတ်လပ်ရေး ရစ ရန်ကုန် (၉)

mgkhinminလွတ်လပ်ရေးရပြီး ဆယ်နှစ်ပြည့်မြောက် သည့် ၁၉၅၈ခုနှစ်တွင် ဖဆပလ အဖွဲ့ ပြိုကွဲပြီး အိမ်စောင့် အစိုးရတက် သည်။ ဖဆပလ အနှစ် ၄ဝတည်ရ မည်ဟူသော ကြွေးကြော်သံကို ကြား ခဲ့ဖူးသည်။ သို့သော် အနှစ် ၄ဝ၏ ၄ပုံ၁ပုံသာ သက်တမ်းရှည် သွား သည်။

အိမ်စောင့် အစိုးရလက်ထက် တွင် ဘတ်စ်ကား ခရီးသည်များ အတွက် ပြုပြင်ပြောင်းလဲမှု တစ်ခုကို သတိရနေမိသည်။ ဟီးနိုး ကားဖြူကြီး များ ပြေးဆွဲပေးပြီး ကားပေါ်တက် လျှင် တန်းစီ၍တက်သည့် စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်။ ကားမှတ် တိုင်များဆီ စနစ်တကျ တန်းစီဖို့ သံတန်း များ လုပ်ပေးထားသည်။ ခရီးသည်က သံတန်းအတွင်းသို့ ဝင်၍ တန်းစီ ပြီး ကားစောင့်ရသည်။ ကားလာလျှင် တန်းစီထားသည့် အတိုင်း စနစ်တကျ ကားပေါ်တက်ရ သည်။ ယာဉ်မောင်းရှေ့တွင် မိုက်ကရိုဖုန်း တပ်ပေးထားသည်။ ရောက်မည့် မှတ်တိုင် ကို ကြေညာ ဖို့ ဖြစ်သည်။ ယာဉ်နောက် လိုက်အဖြစ် အမျိုးသမီးများကို ခန့်ထားသည်။ ယူနီဖောင်းကလေးများနှင့် သပ်သပ် ရပ်ရပ်ဖြစ်သည်။ ယာဉ်မောင်းက လည်း ယူနီဖောင်းနှင့်ဖြစ်သည်။ ဘတ်စ်ကားပေါ်ကို ရှေ့ပေါက်က တက်၍ နောက်ပေါက်က ဆင်းရ သည်။ ယာဉ်နောက် လိုက် မိန်းကလေးများက ခရီးသည်များကို” ရှေ့ကတက်ပါရှင့်”၊ “နောက်ကဆင်း ပါရှင့်”ဟူ၍ ယဉ်ကျေး စွာကြေညာ ပေး သည်။ ထိုစနစ်မှာ ကြာကြာမခံ လိုက်ပါ။ ကားပေါ်သို့ တန်းစီမတက် ဘဲ တိုးဝှေ့တက်မြဲ တက်ကြသည်။ ရှေ့ပေါက်၊ နောက်ပေါက်လည်း အတက် အဆင်း မခွဲခြားတော့ပါ။

မြို့ပတ်ရထား များပေါ်စက ဆိုဖာများ၊ ပန်ကာများဖြင့် သပ်သပ် ရပ်ရပ်ရှိသည်။ ရပ်မည့် ဘူတာစဉ်ပြ လမ်းညွှန် များကိုလည်း စနစ် တကျ  ရေးပေးထားသည်။ ခရီးသည်များ စိတ်အေးချမ်းသာ စီးနိုင်သည်။ နောက်တော့ ဆိုဖာတွေကို ဓားဖြင့် ခွဲထားတာတွေ၊ ပန်ကာတွေ ကို ဖြုတ် ခိုးသွားသည့်အတွက် ကြိုးစတန်း လန်းပဲ ကျန်ခဲ့တာတွေ တွေ့ရပါ တော့သည်။ သန့်သန့်ရှင်းရှင်းလည်း မရှိတော့ပါ။

လမ်းဘေးတွေမှာ တယ်လီဖုန်း ဆက်လို့ရသည့် အခန်းကလေးတွေ လည်း လုပ်ပေးထားသည်။ လေး ထောင့် အပေါက်ကလေး ထဲသို့ သတ် မှတ်ထားသော အကြွေစေ့ (ပြား ၅ဝ စေ့ဟု ထင်ပါသည်။) ထည့်ပြီး ဖုန်း ဆက်နိုင်သည်။ နောက်ပိုင်းမှာ ဖုန်း ခွက်တွေ ဖြုတ်ခိုး ခံရသည်။ ထိုအစီ အစဉ်လည်း ကြာကြာမခံလိုက်ပါ။

ကျွန်တော်က ပညာရေးဝန်ကြီး တွေကို စိတ်ဝင်စားသည့် အတွက် ဝန်ကြီး အဆက်ဆက် နာမည်များကို မှတ်မိနေသည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး အဖြစ် ဆောင်ရွက်သော ဆရာကြီး ဦးရာဇတ်ကျဆုံးပြီးနောက် စောစံဖိုး သင်က ပညာရေး ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ လွတ်လပ်ရေး ရပြီးနောက် ဗိုလ်ဖိုးကွန်းနှင့် လင်း ခေးဦးထွန်းမြင့်ကို ပညာရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ဖတ်ရ သည်။

ကျွန်တော်တို့ ရန်ကုန်ရောက်စ ၁၉၅ဝခုနှစ်ကစ၍ ပညာရေးဝန်ကြီး မှာ ဦးသန်းအောင်ဖြစ်သည်။ မြို့တော် ခန်းမတွင် ဦးသန်းအောင် မိန့်ခွန်းပြောပုံကို ကျောင်းသား ဘဝက နားထောင်ဖူးသည်။ ထို့နောက် ဦးသန်းအောင်သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ကြီးဖြစ် သွားသည်။ ၁၉၅၆ခုနှစ် ရွေးကောက် ပွဲပြီးသည့်နောက် ပညာရေးဝန်ကြီး မှာ ဦးထွန်းတင်ဖြစ်သည်။ ကျွန်တော် နေထိုင်သော ဗဟန်းမြို့နယ်မှ ရွေး ချယ်ခံရသည့် လွှတ်တော် အမတ်ဖြစ် ၍ ဗဟန်းအစိုးရ အထက်တန်း ကျောင်းမှာ အခမ်းအနား လုပ်လျှင် ကြွရောက်လေ့ရှိသည်။

ဖဆပလ ၂ခြမ်းကွဲတော့ ဦးထွန်းတင်က တည်မြဲဘက် ပါသွား သဖြင့် ဝန်ကြီး အဖြစ်မှ နုတ်ထွက်ရ သည်။ သန့်ရှင်းဖဆပလ အစိုးရ ပြန် ဖွဲ့သောအခါ ဦးရာရှစ်က ပညာ ရေးဝန်ကြီး အဖြစ် ခေတ္တဆောင်ရွက် သည်။ ထို့နောက် သခင်တင် ဆောင် ရွက်သည်။ ဝန်ကြီးသစ်များ ထပ်ခန့် သောအခါ ဦးမောင်ကျော်ဇံ ပညာ ရေးဝန်ကြီးဖြစ်လာသည်။

၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရ အဖွဲ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဖြစ်သည်။ ပညာရေး ဝန်ကြီးမှာ ဆရာကြီးဦးကာဖြစ်သည်။ သင်္ချာကထိက ဆရာကြီးဦးကာသည် ဗိုလ်ချုပ်ကြီး နေဝင်း ကြည်ညို လေး စားသော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်ဟု ကြားဖူးသည်။ အိမ်စောင့် အစိုးရ အဖွဲ့တွင် နိုင်ငံရေးပါတီဝင်များ မဟုတ်သော၊ လေးစားထိုက်သူများ အဖြစ် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ ပါဝင်သည်။ ယဉ်ကျေးမှု ဝန်ကြီး သီရိ ပျံချီ ဦးချစ်သောင်း မြန်မာနိုင်ငံ သုတေသန အသင်း အစည်းအဝေး တွင် မိန့်ခွန်းပြောသည် ကို နားထောင် ရဖူးသည်။

 ဗိုလ်ချုပ်ကြီးနေဝင်းမှာ နိုင်ငံ တော်ဝန်ကြီးချုပ်ဖြစ်သည့် အတွက် ရာထူးအရ ရန်ကုန် တက္ကသိုလ်၏ အဓိပတိ လည်းဖြစ်သည်။ ဘွဲ့နှင်းသ ဘင်အခမ်းအနား တစ်ခုတွင် အဓိ ပတိ မိန့်ခွန်းပြောရာ၌ တက္ကသိုလ် ကျောင်းသားများ စည်းကမ်း မရှိ ကြောင်း ထည့်ပြောသည့် အတွက် တက္ကသိုလ် ကျောင်းသားများ မကျေ မနပ်ဖြစ်ကြသည်။

အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်မှာ ကျွန်တော်က “တောင်ဥက္ကလာပသား” ဖြစ်နေပါပြီ။ ထိုနှစ်မှာ တက္ကသိုလ်ရောက် သဖြင့် ထီးတန်းကောလိပ် (ယခု ကြည့်မြင် တိုင် အထက -၂ အဆောက်အအုံ) မှာ တက်ရသည်။ မြို့ပတ်ရထားဖြင့် ကျောင်းတက်ရသည်။ လပေး လက်မှတ်ကို ကျောင်းသားဖြစ် ကြောင်း  ထောက်ခံချက်ဖြင့် ရန်ကုန် ဘူတာကြီးမှာ သွားဝယ်ရသည်။ တစ်လ ၆ကျပ်သာ ကျသည်။ မိုးတွင်း မှာ တောင်ဥက္ကလာပ မြို့ထဲသို့ ဘတ်စ်ကားများမဝင်နိုင်။ လမ်းများ မကောင်းသေး။ ထို့ကြောင့် ကန်ဘဲ့ ဘူတာ သို့ ခြေ ကျင်လျှောက်ပြီး ကန်ဘဲ့ဘူတာမှ ဟုမ်းလမ်း (ပန်းလှိုင် လမ်း) ဘူတာအထိ မြို့ပတ်ရထား စီးရသည်။ ဘူတာမှ ၅မိနစ်လောက် လမ်းလျှောက် လျှင် ကျောင်းသို့ ရောက်ပြီဖြစ်သည်။ အပြန်တွင်လည်း ထိုခရီး အတိုင်း ပြန်ရသည်။ တစ်နှစ် လုံး မြို့ပတ် ရထား စီး၍ ကျောင်း တက်ရသည်ကို သတိရနေပါသည်။ ပင်ပန်းသော်လည်း ပျော်စရာ ကောင်းပါသည်။

ကျွန်တော်က စာအုပ်များ စု ဆောင်းရသည်ကို ဝါသနာ ပါသည်။ ဖတ်လည်း ဖတ်သည်။ စာအုပ်ဆိုင် များနှင့် အကျွမ်း တဝင်ဖြစ်နေ သည်။ ထိုအချိန်က ကျွန်တော် ရောက်လေ့ ရှိသော မြန်မာစာအုပ်ဆိုင်ကြီး ၂ ဆိုင်ရှိသည်။ စပတ်လမ်း (ဗိုလ် အောင်ကျော်လမ်း)ရှိ “ဟံသာဝတီ ပုံနှိပ်တိုက်” နှင့် ဗိုလ်ချုပ်လမ်းရှိ “ပညာ့အလင်းပြ ပုံနှိပ်တိုက်” တို့ဖြစ် သည်။ ထိုဆိုင်များတွင် ရှေးမြန်မာ စာပေ ဆိုင်ရာ စာအုပ် များ ဝယ်သည်။ ရှေးမြန်မာစာပေများဖြစ်သော ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ဇာတ်နိပါတ်၊ ရာဇဝင်စသည် တို့ကို ပညာရှင်များက စနစ်တကျ တည်းဖြတ်၍ ပုံနှိပ်ထုတ် ဝေမှုများ တွင်တွင်ကျယ်ကျယ် ရှိနေ သေးသည်။ သတိရနေသည်မှာ ဟံသာဝတီစာအုပ်ဆိုင် တွင် ဒေါက်တာ ဘဟန်၏ အင်္ဂလိပ်မြန်မာ အဘိဓာန် တစ်စုံလုံးကို သားရေဖုံးဖြင့် ချုပ်ပြီး စင်ပေါ်မှာ တင်ထားသည် ကိုတွေ့ ၍ ရောင်းဈေးမေးကြည့်သောအခါ ၇၅ ကျပ်ဟု သိရခြင်းဖြစ်သည်။ ထို အချိန်က ထိုတန်ဖိုးမှာ မနည်းလှ သည့်အတွက် မဝယ်နိုင်ခဲ့ပါ။

 ဗုဒ္ဓသာသနာ့အဖွဲ့က ထုတ် သည့် ဗုဒ္ဓဘာသာ ဆိုင်ရာ စာအုပ် များ ဝယ်ချင်လျှင်တော့ ကမ္ဘာအေး စေတီဝင်း ထဲက စာအုပ်ဆိုင်မှာ သွား ဝယ်ရသည်။ စာပေဗိမာန် စာအုပ် ဆိုင်မှာတော့ ပြည်သူ့ လက်စွဲ စာစဉ် များဝယ်ရသည်။

လစဉ်ထုတ် စာအုပ်သစ်များကို စစ်ကဲမောင်ထော်လေးလမ်း (ဗိုလ် ဆွန်ပက်လမ်း) က “ဇမ္ဗူဝင်းစာပေ” မှာ ကျွန်တော် အမြဲဝယ် သည်။ ကျောင်း သား ဘဝက သိပ်မဝယ်နိုင်သော် လည်း ဆရာဖြစ်လာတော့ လိုချင် လာသမျှ လစဉ် တစ်ပွေ့တစ်ပိုက် ဝယ်ဖြစ်ပါသည်။

တက္ကသိုလ်စာတိုက်ရှေ့က “တက္ကသိုလ်စာအုပ်ဆိုင်” မှာလည်း စာအုပ် ဝယ်ဖြစ်သည်။ အင်္ဂလိပ် စာအုပ်သစ်များ ရနိုင်ပါသည်။ ထိုအချိန် က ကမာရွတ် လှည်းတန်း အဝိုင်းကြီး ရှိသေးသည်။ ညနေ ကျောင်းဆင်း၍ အိမ်ပြန်ဖို့ ဘတ်စ် ကားမှတ်တိုင် သွားလျှင် အဝိုင်းကြီး နားက ဦးစိန်လွင်၏ “အလိမ္မာစာပေ” သို့ ဝင်လေ့ရှိသည်။ စာအုပ်ဝယ်ရင်း ဦးစိန်လွင် နှင့် ခင်မင်နေပါသည်။ (အလိမ္မာ စာပေသည် စန္ဒာမြိုင် ကွန်ဒိုဘေးက မာလာလမ်းမှာ ယခု အထိ ရှိနေပါသေးသည်။)

မြို့ထဲက စာအုပ်အဟောင်း ဆိုင်များမှာ စာအုပ် ရှာရသည်မှာ လည်း ပျော်စရာ ကောင်းသည်။ ပန်းဆိုးတန်း တစ်လျှောက်၊ ဗိုလ်ချုပ် လမ်း တစ်လျှောက် လမ်းဘေး ပလက် ဖောင်းမှာ ခင်းကျင်းထားသော စာအုပ်အဟောင်းဆိုင် များမှာ စိတ် ရှည်လက်ရှည် လိုက်မွှေနိုင်လျှင် လိုချင်သော စာအုပ်များကို ရပါ သည်။ ဈေးလည်း ချိုသည်။ ညနေ ဘက် နေအေးချိန်တွင် ထိုဆိုင်များ သို့သွားပြီး စာကြမ်းပိုး ထိုးရသည်မှာ အရသာရှိပါသည်။ ဗိုလ်ချုပ်ဈေး ရှေ့မှာ လေဟာပြင်ဈေးရှိသည်။ လေဟာပြင်ဈေးမှာ အထည်ဆိုင်တွေ၊ အသုံးအဆောင် ပစ္စည်း ဆိုင်တွေများ သည်။ ရှားရှားပါးပါး “စာပုလွေ” ဆို သော စာအုပ် အဟောင်းဆိုင် တစ်ဆိုင် ရှိသည်။ ဆိုင်ရှင်နာမည် “ကိုဦး” ဟု ခေါ်သည်။ ကိုဦးက ကျွန်တော်နှင့် ဖောက်သည် ဖြစ်နေသည်။ သူ့ဆိုင်မှ ဒေါက်တာ ထင်အောင်၏ Burmese Drama စာအုပ်ကို ၅ကျပ်နှင့် ရဖူး သည်။ ယဉ်ကျေးမှုစာစောင်တွေ တစ်အုပ် ၁ကျပ်နှင့် အတွဲလိုက် ရဖူး သည်။ ရှားပါးစာအုပ်များလည်း ရပါသည်။

လွတ်လပ်ရေး ရပြီး ဆယ်နှစ် ဝန်းကျင်လောက်  ရန်ကုန်အကြောင်း ပြန်စဉ်းစားရာတွင် ကျွန်တော် ထိတွေ့ ကျင်လည်ခဲ့သော ကဏ္ဍများ အကြောင်း၊ စိတ်ထဲပေါ်လာသမျှ ပြောမိခြင်းပါ။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*