မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း – ရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီးကျင်းပမည့် (၂၆)ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက်ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ထားကြောင်း သိရသည်။
ပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များအနေဖြင့်မိမိပြောဆိုမည့် Speech အကြောင်း အရာကို ဂျပန်ဘာသာ စာလုံးရေ (၈၀၀) မှ (၁၁၀၀) ကြားပြင်ဆင်ရမည်ဖြစ်ပြီး Speech ပြောရန် သတ်မှတ်ကြာချိန်မှာ (၃) မိနစ် မှ (၄)မိနစ်အတွင်း ဖြစ်သည်။
ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်သည့် အကြောင်းအရာကို အကဲဖြတ်အမှတ်ပေးရာတွင် အကြောင်းအရာလက်တွေ့ကျမှု၊ အဆုံးအထိယုတ္တိတန်စွာဖော်ပြနိုင်မှု၊ ဂျပန်ဘာသာ စကားစွမ်းရည်၏ အသံထွက်၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်တိကျမှု၊ ဝေါဟာရရွေးချယ်သုံးနှုန်းမှု၊ တင်ဆက်မှုစွမ်းရည်မှာ မျက်နှာအနေအထား၊ လက်ဟန်အမူအရာ၊ အသံအတိုးအကျယ်၊ အသံ အနိမ့်အမြင့် အတက်အကျ၊ အမေးအဖြေကဏ္ဍ မေးခွန်းနားလည်နိုင်စွမ်း၊ တုံ့ပြန်ဖြေဆိုသည့်အကြောင်းအရာနှင့် အချိန်ကြာမြင့်မှု စသည့် ရှုထောင့်များကို အခြေခံ၍ ရွေးချယ်အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
