လာမည့် ၂၀၂၆-၂၇ ရာသီ UEFA Champions League ပြိုင်ပွဲကြီး စတင်ရန် နီးကပ်လာချိန်တွင် ကမ္ဘာကျော် အားကစားစာရင်းအင်းအဖွဲ့အစည်းတစ်ခုဖြစ်သော Opta ကွန်ပျူတာ၏ ဗိုလ်စွဲမည့်အသင်း ခန့်မှန်းချက်များကို ထုတ်ပြန်ထားသည်။
Opta မှ အခြေအနေပေါင်း တစ်သောင်းကျော်ကို ကွန်ပျူတာစနစ်ဖြင့် ပုံတူကူးယူတွက်ချက်ခဲ့ရာ ပြီးခဲ့သည့်ရာသီ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်း ဖြစ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းအနေဖြင့် သူတို့၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ရန် ၂၀.၉ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေသည်ဟု ဆိုသည်။
၎င်း၏နောက်တွင် ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်အသင်းက ၁၉.၄ ရာခိုင်နှုန်းဖြင့် ဒုတိယ ရေပန်းအစားဆုံး ဖြစ်နေပြီး၊ အင်္ဂလန်ကလပ် မန်ချက်စတာ စီးတီးအသင်းကမူ ၁၂.၃ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အခြားသော ထိပ်တန်းကလပ်များဖြစ်သည့် ဘာစီလိုနာက ၈.၂ ရာခိုင်နှုန်းနှင့် လီဗာပူးလ်က ၆.၁ ရာခိုင်နှုန်းစီ အသီးသီး ရရှိထားကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ပြီးခဲ့သည့် နှစ်ရာသီဆက်တိုက် ချန်ပီယံဖြစ်ထားသည့် ပီအက်စ်ဂျီ (PSG) အသင်းမှာ လတ်တလော ပြည်တွင်းလိဂ်ခြေစွမ်းကြောင့် ဗိုလ်စွဲနိုင်ခြေ ၇.၁ ရာခိုင်နှုန်းသာ ရရှိကာ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဥရောပ၏ အအောင်မြင်ဆုံးအသင်းကြီး ဖြစ်သည့် ရီးယဲလ် မဒရစ်အသင်းပင်လျှင် ဗိုလ်စွဲရန် ၄.၄ ရာခိုင်နှုန်းသာ အခွင့်အရေးရရှိထားသဖြင့် ခန့်မှန်းချက်ဇယား၏ အဆင့် ၇ နေရာတွေ ထားရှိထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် PSG နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး PSG အသင်းက အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သည်။
လာမည့်ချန်ပီယံလိပ်အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၈ ရက်တွင် စတင်ယှဉ်ပြိုင်ကြမည်လည်း ဖြစ်သည်။
