မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့် အလယ်ပိုင်းမြို့ကြီးများတွင် အမြင့်ဆုံးအခြေအနေအထိမြင့်တက်လာနိုင်ကာ (၆)ပေမှ(၁၂)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့ဖြစ်ကြောင်း သိရသည်။
(၂)ပေမှ (၄)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့ဖြစ်ပြီး ချင်းတွင်းမြစ်ရေသည်လည်း မြစ်ဝှမ်းဒေသတစ်လျှောက်တွင် (၈)ပေမှ (၁၁)ပေခန့်အထိ သိသိသာသာမြင့်တက်လာနိုင်သဖြင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်ထက်များစွာမြင့်တက်လာရန်ရှိနေကြောင်း သိရသည်။
အခြား ဒေသအသီးသီးရှိ မြစ်ရေများသည်လည်း လက်ရှိရေမှတ်များအထက်အသီးသီးမြင့်တက်လာနိုင်ရာ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄)ပေခန့်၊ ပဲခူးမြစ်၊ ဘီးလင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် ပဲခူး၊ ဇောင်းတူ၊ ဘီးလင်း၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ ငဝန်မြစ်၊ စစ်တောင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ တောင်ငူ၊ မဒေါက်၊ ကလေး၊ ရွှေကျင်နှင့် မြဝတီမြို့တို့တွင် (၁)ပေမှ (၃)ပေခန့်၊ တိုးမြစ်နှင့် ဒုဋ္ဌဝတီမြစ် (သီပေါ)မြစ်ရေတို့သည် မအူပင်မြို့တွင် (၁)ပေခွဲခန့်နှင့် သီပေါမြို့တွင် (၁)ပေခန့် အသီးသီးမြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဧရာဝတီမြစ်(အထက်ပိုင်း)၊ (အလယ်ပိုင်း) နှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ရေမှတ်မြင့်တက်မှု ပမာဏသည် (၆)ပေမှ (၁၂)ပေအထိရှိနေသဖြင့် ပုံမှန်ထက်ရေတက်ကြမ်းနိုင်သည့် အခြေအနေဖြစ်ရာ ဒေသခံများအနေဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေ ထိုင်သူများအနေဖြင့် မြစ်ရေရုတ်တရက်မြင့်တက်လာပါက ရေဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရန် ကုန်ပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထုပ်ပိုးထားသင့်သည်။
ထို့ပြင် မြစ်ရေတက်ချိန်တွင် ရေစီးသန်ခြင်း၊ သစ်တုံးများမျောပါလာခြင်းတို့ရှိနိုင်သဖြင့် ရေကြောင်းခရီး သွားလာသူများနှင့် ကမ်းနားနီးတံငါလုပ်ငန်းလုပ်ကိုင်သူများအထူးဂရုစိုက်ရန်လိုအပ်ကာ မိုးဇလ၏ နေ့စဉ် ထုတ်ပြန်ချက်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ အရေးပေါ် ရေဘေးသတိပေးချက်များကိုလည်း မျက်ခြေမပြတ်နားစွင့်ထားရန်လိုအပ်သည်။
