မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှု ကဏ္ဍကို ပိုမိုမြှင့်တင်ပေးမည့် “အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း တပ်ဆင်ခြင်းစီမံကိန်း” သည် အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းပြီးမြောက်မှု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခု တပ်ဆင်ပြီးစီးခဲ့သည့် အဆင့်မြင့်မျက်နှာပြင်စနစ် (Multi Large Display) သည် ဘေးအန္တရာယ်များ ကျရောက်လာပါက သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုစောင့်ကြည့်ရန်၊ ကွပ်ကဲရန်နှင့် အရေးပေါ်တုံ့ပြန် ညှိနှိုင်းမှုများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်ရန်အတွက် အဓိက အထောက်အကူပြုမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းသည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်ရှိ “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project – QIP)” အရ အိန္ဒိယနိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
