ဥရောပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်နဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ စကားတွေကြောင့် အမေရိကန်စစ်တပ်ဟာ ပင်တဂွန်စစ်ဌာနချုပ်ဆီကနေ အသေအချာ ရှင်းလင်းချက်ထုတ်ပေးဖို့ စောင့်နေကြတယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိ နှစ်ဦးကို ကိုးကားပြီး AP (Associated Press) သတင်းဌာနက ရေးထားပါတယ်။
အဲဒီသတင်းဌာနရဲ့ အဆိုအရ ဥရောပကနေ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ပြန်ရုပ်သိမ်းဖို့ အမိန့်ပေးပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ၊ ပိုလန်နိုင်ငံကို စစ်သည် ၅,၀၀၀ ထပ်လွှတ်မယ့် အစီအစဉ်ကို ထရမ့်က ကြေညာလိုက်တာကြောင့် နေတိုး (NATO)မဟာမိတ်နိုင်ငံတွေ တော်တော်လေး ဇဝေဇဝါ ဖြစ်သွားကြတယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ရဲ့ အစီအစဉ်တွေက ဒီလိုမျိုး မရေမရာ ဖြစ်နေတာဟာ စစ်သားတွေရဲ့ မိသားစုဘဝတွေကို ထိခိုက်စေသလို၊ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး သန်းနဲ့ချီပြီးလည်း အလဟဿ ကုန်ကျနိုင်ခြေ ရှိတယ်လို့ AP သတင်းဌာနက ယူဆထားပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ထရမ့်အစိုးရအဖွဲ့ကတော့ ဥရောပမှာ အမေရိကန်စစ်အင်အား လျှော့ချဖို့ဆိုတာ ကြိုတင်စီစဉ်ထားတာဖြစ်ပြီး မဟာမိတ်တွေနဲ့လည်း အသေအချာ ညှိနှိုင်းပြီးသားပါလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
