ဗြိတိန်အစိုးရဟယ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ နိုင်ငံခြားအစိုးရ အဖွဲ့အစည်းတွေကို စာရင်းသွင်းအရေးယူနိုင်မယ့် ဥပဒေအသစ်အရ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် IRGC ကို ကူညီတာ ဒါမှမဟုတ် ထောက်ခံအားပေးတဲ့သူတွေဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဗြိတိန်နိုင်ငံအတွင်းမှာ IRGC အဖွဲ့ဝင်ဖြစ်တာ၊ သူတို့ရဲ့ အစည်းအဝေးတွေမှာ ပါဝင်တာ ဒါမှမဟုတ် သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ သင်္ကေတတွေကို လူအများရှေ့မှာ ထုတ်ဖော်ပြသတာတွေဟာလဲ ရာဇဝတ်မှုမြောက်သွားမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး IRGC ကို သူတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲ ထည့်သွင်းလိုက်တာဟာ အမေရိကန်ရဲ့ မူဝါဒတွေအတိုင်း လိုက်လုပ်တာဖြစ်ပြီး၊ ဗြိတိန်အစိုးရအနေနဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ရန်လိုတဲ့ခြေလှမ်းတစ်ရပ် လှမ်းလိုက်တာပဲလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
“ဗြိတိန် မြေပေါ်မှာ အသက်အန္တရာယ် ခြိမ်းခြောက်တာနဲ့ အကြောက်တရားသွပ်သွင်းတာတွေ ပါဝင်တဲ့ IRGC နဲ့ ဆက်စပ်နေတဲ့ လှုပ်ရှားမှုတွေကို အစိုးရက ဖော်ထုတ်တွေ့ရှိခဲ့တယ်” လို့ လွှတ်တော်ကို တင်သွင်းတဲ့ ကြေညာချက်မှာ ဗြိတိန်လုံခြုံရေးဝန်ကြီး အန်ဂျလာ အီးဂယ်လ်(Angela Eagle) ကပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တဲ့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အီရန်က အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ဒီလုပ်ရပ်ရဲ့ နိုင်ငံရေး၊ ဥပဒေရေးရာနဲ့ သံတမန်ရေးရာ အကျိုးဆက်တွေကို ဗြိတိန်ဘက်က တာဝန်ယူရလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဗြိတိန်ရဲ့ အဲဒီလိုသတ်မှတ်ချက်ဟာ “ခိုင်လုံတဲ့အကြောင်းပြချက်မရှိသလို တာဝန်မဲ့ရာကျတယ်” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အချုပ်အခြာအာဏာ တန်းတူညီမျှမှုနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မူဝါဒတွေ အပါအဝင် နိုင်ငံတကာဥပဒေတွေကိုပါ ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေအမြစ်မရှိတဲ့ လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်တွေအပေါ် အခြေခံထားတာဖြစ်တယ်လို့လည်း အီရန်ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
ဒါ့အပြင် ဗြိတိန်ရဲ့ မသင့်လျော်တဲ့လုပ်ရပ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေအရ တန်ပြန်အရေးယူဆောင်ရွက်နိုင်တဲ့ အခွင့်အရေးအားလုံး အီရန်မှာရှိတယ်လို့လည်း အီရန်ဖက်က ပြောကြားခဲ့ပါတယ်။
