အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒီညမှာတင် “အပြင်းအထန်” တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ပြီး အီရန်ရဲ့ အဓိက ရေနံစခန်းကြီးရှိတဲ့ ခါ့ဂ်ကျွန်း(Kharg Island) ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားချက်အရ အီရန်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးကွက်တွေကို “အပြည့်အဝ ထိန်းချုပ်” သွားမှာဖြစ်ပြီး၊ မကြာခင်အချိန်အတွင်းမှာပဲ အီရန်ကမ်းလွန်က ခါ့ဂ်ကျွန်းကို သိမ်းပိုက်သွားမယ်လို့ ကတိပေးထားပါတယ်။ “ဗင်နီဇွဲလားမှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုးပဲ” သူတို့ရဲ့ ဈေးကွက်တွေကို ထိန်းချုပ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အိုမန်နိုင်ငံအနီးမှာ Settebello လို့ခေါ်တဲ့ သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ပါတယ်။ တနင်္လာနေ့ကလည်း Marivex ဆိုတဲ့ သင်္ဘော တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် အိုမန်ပင်လယ်ကွေ့ကနေတစ်ဆင့် အီရန်ရေနံတွေ သယ်ဖို့ကြိုးစားပြီး “ပိတ်ဆို့ရေးကို ချိုးဖောက်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ တတိယမြောက် သင်္ဘောဖြစ်တဲ့ ဂီနီ-ဘစ်ဆော (Guinea-Bissau) အလံတင် Jalveer သင်္ဘောကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က အတည်ပြုထားပါတယ်။
လတ်တလော ရက်ပိုင်းတွေအတွင်း အမေရိကန်က အီရန်တောင်ပိုင်းက စစ်ရေး၊ ထောက်လှမ်းရေးနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့သလို၊ အီရန် (တီဟီရန်) ဘက်ကလည်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို ညတွင်းချင်း ပြန်လည်တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ခါ့ဂ်ကျွန်းလေးဟာ အီရန်ကမ်းလွန်မှာရှိပြီး နိုင်ငံရဲ့ စီးပွားရေး သွေးကြောလို့ သတ်မှတ်ထားရတဲ့ အဓိက ရေနံတင်ပို့တဲ့ စခန်းကြီးရှိတဲ့ နေရာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့တုန်းကလည်း အမေရိကန်က ဒီကျွန်းကို တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီတုန်းက စစ်ရေးပစ်မှတ် အားလုံးကို “လုံးဝ ချေမှုန်း” နိုင်ခဲ့တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီအချိန်က ရေနံအခြေခံအဆောက်အအုံတွေကို ချန်ထားပေးခဲ့ပေမယ့် နောက်ထပ် အက်ရှင်ယူစရာတွေ ရှိလာနိုင်သေးတယ်လို့ သမ္မတက သတိပေးခဲ့ပါတယ်။
ဒီကျွန်းကိုသာ သိမ်းလိုက်နိုင်မယ်ဆိုရင် အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို လုံးဝပိတ်ဆို့သွားစေနိုင်ပြီး အမေရိကန်စစ်တပ်အတွက် အီရန်ပြည်မကြီးကို တိုက်ခိုက်ဖို့ အခြေချစခန်းတစ်ခု ရသွားစေနိုင်ပါတယ်။ ဒါ့အပြင် ရေလက်ကြားကို ဆက်ဖွင့်ထားဖို့ အီရန်တွေကို ဖိအားပေးတဲ့ နေရာမှာလည်း ဒီကျွန်းကို အမေရိကန်က အသုံးချနိုင်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုသိမ်းပိုက်ဖို့ဆိုတာ တော်တော်လေး စိန်ခေါ်မှုများနိုင်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။ အမေရိကန်တပ်တွေ အနေနဲ့ ရေတပ်ကနေဖြစ်စေ၊ လေတပ်ကနေဖြစ်စေ ခရီးအတော်ဝေးဝေးကို ဖြတ်သန်းပြီးမှ ကျွန်းပေါ်ကို တပ်ချရမှာ ဖြစ်လို့ပါ။
