ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၃ ရက်ညပိုင်းက အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက်ကြိုးတုတ်ပြီး အိုးဝေကိုလုယူမောင်းနှင်သွားသူ(၂)ဦးကို သက်ဆိုင်ရာ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ တို့ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇွန် ၂၃ ရက်ည ၆ နာရီ ၄၅ မိနစ်ခန့်က ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်နေ အိုးဝေမောင်းသူအား အမျိုးသား (၂)ဦးမှ ကလိကားဝင်းသို့လိုက်ပို့ပေးရန်ပြောသဖြင့် လိုက်ပို့ပေးခဲ့သည်။ ထို့နောက် ကလိကားဝင်းကိုကျော်လွန်မောင်းနှင်စေကာ ပဲခူးမြို့နယ်၊ ပြည်တော်အေးကျေးရွာအကျော် ဓာတ်မြေဩဇာဂိုဒေါင်ရှေ့အရောက် အိုးဝေမောင်းသူ၏လည်ပင်းကို ဓားဖြင့်ထောက်ကာ ခြေထောက်ကိုကြိုးဖြင့်တုတ်ပြီး အိုးဝေယာဥ်ကိုလုယူမောင်းနှင်သွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အိုးဝေယာဥ်ပိုင်ရှင်မှလိုက်လံဖမ်းဆီးရာ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၏ ရွာလည်လမ်းဆုံတွင် အိုးဝေယာဥ်အား လုယူမောင်းနှင်သွားသူ(၂)ဦးဖြစ်သည့် ဝေဠုကျော်နှင့် ငွေယံဖြိုးတို့အား အနီးဝန်းကျင်နေသူများအကူအညီဖြင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းက အိုးဝေယာဥ်အားလုယူမောင်းနှင်သွားသူ(၂)ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ အရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
