ဂျပန်နိုင်ငံ၊ အိုဆာကာ (Osaka) မြို့တွင် ကျင်းပမည့် BENKEI FIGHT လက်ဝှေ့ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
ယခုပွဲစဉ်ကို မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးသန်းစိုးအောင် (အထွေထွေအတွင်းရေးမှူး) ၊ ဦးရန်ဝင်းကြည် (နည်းပြချုပ်) ၊ Mr. Nakamura Yoshiyuki (နိုင်ငံတကာပွဲစဉ်များဆက်သွယ်ရေးအရာရှိ) တို့ ဦးဆောင်၍ ကစားသမားများအနေဖြင့် ဇော်ဇော်နိုင်၊ ဉာဏ်လင်းအောင်၊ ဇံဇံမင်းထက် တို့ လိုက်ပါသွားခဲ့သည်။
MBC ကို မြန်မာနိုင်ငံတွင် ပရိုဖက်ရှင်နယ် အနောက်တိုင်းလက်ဝှေ့ (Professional Boxing) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာကစားသမားများ နိုင်ငံတကာ ပရိုပွဲစဉ်များတွင် တရားဝင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းကျင်းပသည့် အသက် မွေးဝမ်းကျောင်း (Pro) လက်ဝှေ့ပွဲစဉ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ခြင်း၊ ကစားသမားများနှင့် ဒိုင်လူကြီးများကို လိုင်စင်ထုတ်ပေးခြင်းနှင့် ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်ကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သည်။
MBC သည် ကမ္ဘာ့အဆင့် အသိအမှတ်ပြု လက်ဝှေ့အဖွဲ့ချုပ်ကြီးများ ဖြစ်ကြသည့် WBC (World Boxing Council)၊ WBA (World Boxing Association) စသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းကြီးများ၊ အာရှလက်ဝှေ့အဖွဲ့ချုပ်များနှင့် တရားဝင်ချိတ်ဆက်ထားသည်။
ထို့ကြောင့် ယခု ဂျပန်နိုင်ငံ Osaka တွင် ကျင်းပမည့် BENKEI FIGHT ကဲ့သို့သော နိုင်ငံတကာ ပရိုလက်ဝှေ့ပွဲစဉ်များတွင် မြန်မာကစားသမားများ တရားဝင် စာချုပ်ချုပ်ဆို ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ပြီး၊ အနိုင်ရပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက် (World Ranking) များ ဝင်ရောက်ကာ မြန်မာ့အလံတော်ကို ကမ္ဘာ့လက်ဝှေ့စင်မြင့်ထက်တွင် လွှင့်ထူနိုင်ရန် အဓိက ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
