ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ
သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရကြောင်း သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့တွင် ဦးကောင်းထက်စံက သီပေါမြို့နယ် ၂၄ နာ၇ီ ဖုန်းလိုင်းများဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးဖို့ ရှိမရှိ မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ကာလမှာ ဆက်သွယ်ရေးကဏ္ဍဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အုံတစ်ရပ်ဖြစ်သလို ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး ပညာရေး ကျန်းမားရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ လက်လှမ်းမှီရေးနှင့် ဒေသအလိုက်မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍာမှာ ပါဝင်လျက်ရှိကြောင်း ဦးကောင်းထက်စံက ပြောကြားခဲ့သည်။
တာဝါတိုင်အတွက် လျှပ်စစ်မီးမရရှိခြင်းကြောင့် ဒီဇယ်မီးစက်ဖြင့် လည်ပတ်နေပေမယ့် စက်သုံးဆီခွဲတမ်းလည်းမရတာကြောင့် ဆီဈေးမြင့်တက်နေမှုများကို ကြုံတွေ့နေရပြီး အဆိုပါ အခြေအနေများကြောင့် ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များပြား သိန်း ၁၁၀ ကျော် တစ်ရက်ကို ကုန်ကျ ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်ကို ရှေ့ရှည်မှာ အဆင်မပြေနိုင်ကြောင်း ဦးကောင်းထက်စံကပြောသည်။
သီပေါမြို့နယ်မှာ လက်ရှိ အချိန် မိုဘိုင်းစခန်း MPT ၂၁ ခု ATIM 25 ခု U9 မှ ၉ ခု MYTEL မှ ၃၇ ခုစုစုပေါင်း ၉၂ ခုနဲ့ ဆောင်ရွက်ပေးနေကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။
အဆိုပါ ၉၂ ခု အနက် ၇၂ ခုသည့် လည်ပတ်နေပြီး ကျန်သည့် ၂၀ ခုကို လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီပြန်ရရင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အပြည့်အဝရရအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။
