နေပြည်တော်၊ ဇူလိုင် ၃၁
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အပြီးသတ်ရေး၊ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အကောင်အထည်ဖော်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုတိုးမြှင့်ပေးရေးနှင့် ရူပီး–ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည့် လုပ်ရပ်များအား မိမိတို့၏နယ်မြေမှ ဆောင်ရွက်ခွင့်မပြုရေးတို့နှင့်ပတ်သက်၍လည်း နားလည်မှုနှင့် ကတိကဝတ်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုများတွင် မြန်မာ–တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အရှိန်မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ဆက်လက်မြှင့်တင်သွားမည့်သဘောထားကို ဖော်ပြခဲ့သည်။
အာကာသနှင့် ဉာဏ်ရည်တုနည်းပညာအပါအဝင် နည်းပညာနှင့် အသိပညာဖလှယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အစီအမံများအောက်တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါခရီးစဉ်မှတစ်ဆင့် မြန်မာ–တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေခဲ့သကဲ့သို့ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကိုလည်း သဘောတူညီနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် အစိုးရသစ်လက်ထက် အာဆီယံနိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်။
ခရီးစဉ်အတွင်း လာအိုသမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် လွမ်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆွေးနွေးခဲ့သည်။
မြန်မာနှင့် လာအိုနိုင်ငံတို့သည် နှစ်ပေါင်း ၇၀ ကျော်ကြာ သံတမန်ဆက်ဆံရေးရှိခဲ့သည့် ယုံကြည်စိတ်ချရသော အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

