ရန်ကုန်၊ဇူလိုင်-၂၅
အိန္ဒိယ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ပို့ဘလဲမြို့၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာ ရေလုပ်သား ၂၆ ဦးသည် လေကြောင်းခရီးဖြင့် ဇူလိုင် (၂၃) ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလုပ်သားများ ဘေးကင်းစွာ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံး၊ ကောလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများက အိန္ဒိယ သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းတို့အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) များ စိစစ်ထုတ်ပေးခြင်း၊ လေကြောင်းခရီးစဉ် ညှိနှိုင်းပေးခြင်းနှင့် အခြားလိုအပ်သည့် စီမံခန့်ခွဲမှုများကို စနစ်တကျ အနီးကပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။