အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည်
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ အာဆီယံ၏ ဆောင်ရွက်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အခြေခံမူနှင့် ကွဲလွဲနေသည်ဟု ယူဆကြောင်းနှင့် ယင်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတွင် ဖော်ပြထားသည်။
အဆိုကို ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် သဘောတူအတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းရန် လွှတ်တော်နာယကက ကြေညာထားကြောင်း သိရသည်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်ကြောင်း သိရသည်။
