လူ့အခွင့်အရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
မနီလာ၊ ဇူလိုင် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များနှင့် ခေတ္တကိုယ်စားလှယ်များ၊ လက်ထောက်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်၊ မသန်စွမ်းသူများပါဝင်မှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ ပညာသင်ကြားခွင့်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ဦးစားပေးကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က AICHR ၏ ရှေ့ဆက်လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများအပေါ် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း တင်ပြခဲ့သည်။
အစည်းအဝေးကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ၏ မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး ၂၀၂၇ ခုနှစ်အတွက် AICHR ဦးစားပေးလုပ်ငန်းအစီအစဉ်နှင့် ၂၀၂၆ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်နှင့် AICHR တို့၏ (၁၅) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ကာ အာဆီယံဒေသအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။