ရန်ကုန် ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာမိန်းကလေးများအား ခွဲစိတ်ခွဲထုတ်ကုသမှု (Separation Surgery) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် (၁၉) ရက်ပြည့်မြောက်ချိန်တွင် ကလေးနှစ်ဦးစလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကာ သီးသန့်စီ ပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ရင်ချင်းဆက်အမြွှာမိန်းကလေးများမှာ ပခုက္ကူမြို့နေ အသက် (၃၁) နှစ်အရွယ် မိခင်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)၌ ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ မွေးဖွားချိန်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး (မန္တလေး)နှင့် ကလေးဆေးရုံကြီး (ရန်ကုန်)တို့တွင် အထူးကြပ်မတ်ပြုစုစောင့်ရှောက်မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွဲစိတ်ကုသရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကလေးဆေးရုံကြီး (ရန်ကုန်)သို့ ပြောင်းရွှေ့ကာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်တွင် အသက် (၂) နှစ် (၅) လအရွယ်၌ ကလေးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး (မန္တလေး)နှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သည့် ဆေးဘက်ဆိုင်ရာအဖွဲ့က ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ယခုခွဲစိတ်ကုသမှုအပါအဝင် ရန်ကုန် ကလေးဆေးရုံကြီး၌ ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု (၉) ကြိမ်နှင့် မန္တလေး ကလေးဆေးရုံကြီး၌ (၃) ကြိမ်၊ စုစုပေါင်း (၁၂) ကြိမ်ကို ပြည်တွင်းဆေးပညာရှင်များ၏ စွမ်းဆောင်ရည်ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။