ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ကျောက်ကပ်သွေးသန့်စင်စက် ၄ လုံးဖြင့် တစ်လလျှင် ပျမ်းမျှလူနာ ၁၂၆ ဦးအား ၁၃၀ ကြိမ် ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှု ပေးလျက်ရှိသည်။ အလားတူ အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း တစ်လလျှင် ပျမ်းမျှလူနာ ၁၄ ဦးအား ၁၀၁ ကြိမ် ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆေးရုံ၊ ဆေးခန်းနှင့် စာချုပ်ဆေးခန်းများ ဖွင့်လှစ်ထားပြီး အကျုံးဝင်အာမခံအလုပ်သမားများအတွက် ဆေးကုသမှုဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
