အရှေ့အလယ်ပိုင်း ရေပြင်တွင် သင်္ဘောများအပေါ် တိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာပါက ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၁၂၀ ဒေါ်လာအထိ မြင့်တက်လာနိုင်ကြောင်း Goldman Sachs ဘဏ်မှ လေ့လာဆန်းစစ်သူများကို ကိုးကား၍ Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါဘဏ်၏ ကမ္ဘာ့ကုန်စည်ဈေးကွက်သုတေသနဌာန တွဲဖက်အကြီးအကဲဖြစ်သူ Daan Struyven က Bloomberg သတင်းဌာနသို့ ပြောကြားရာတွင် ဒေသတွင်း ရေနံတင်ပို့မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဆိုပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၈၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ဆိုထားသည်။
စက်တင်ဘာလ ၁ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းများထောင်ရန် အီရန်၏ “ကြိုးပမ်းမှုပျက်ပြားသွားခြင်း” နှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုအပေါ် တိုက်ခိုက်မှုတို့အတွက် အီရန်နိုင်ငံရှိ စစ်ရေးဆိုင်ရာနေရာများကို အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ နောက်တစ်နေ့တွင်မူ အမေရိကန်တပ်ဖွဲ့များသည် အဆိုပါ ရေကြောင်းလမ်းအတွင်း သင်္ဘော ၂၈ စီးကို လုပ်ငန်းလုပ်ဆောင်၍မရအောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့သွားလာမှုများ ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း အိမ်ဖြူတော်အကြီးအကဲက ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက အီရန်နိုင်ငံနှင့် စစ်ပွဲစတင်ခဲ့ကြသည်။ ဇွန်လအတွင်းတွင်မူ ဝါရှင်တန်နှင့် တီဟီရန်တို့သည် လက်ဘနွန်အပါအဝင် နေရာအနှံ့အပြား၌ ရန်လိုတိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် နားလည်မှုစာချွန်လွှာ(MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ဇူလိုင်လ ၈ ရက်နေ့၊ ညပိုင်းတွင်မူ ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ သဘောတူညီချက်များကို အီရန်ဘက်မှ ချိုးဖောက်သည်ဟုစွဲချက်တင်ကာ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် အကြီးစားလေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။
ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းခန့်နှင့် သဘာဝဓာတ်ငွေ့ ရည်(LNG) ကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သည် ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းသွားလာနေရခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရအနေဖြင့် အီရန်အပေါ် အကြီးစားစစ်ရေးအသုံးချမှုကို လက်လျှော့ကာ ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် စီးပွားရေးအရ ဖိအားပြင်းပြင်းပေးမည့် မဟာဗျူဟာဘက်သို့ အဓိက ဦးတည်ပြောင်းလဲသွားခဲ့သည်။
ပုံစာ – အရှေ့အလယ်ပိုင်း ရေပြင်တွင် တိုက်ပွဲဆင်နေခြင်းကို ထရမ့်က စောင့်ကြည့်နေပုံအား AI ဖြင့်ဖန်တီး၍ ထရမ့်၏ Truth Social အကောင့်တွင် တင်ထားသောပုံ။
