တရုတ်နိုင်ငံ၏ အထင်ကရ ပင်ဂလူးတူးမြောင်းသည် တည်ဆောက်ရေးလုပ်ငန်းပိုင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာလအစောပိုင်းတွင် စမ်းသပ်ခုတ်မောင်းမှုများ စတင်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံ၏ အဓိကဒေသများနှင့် လွတ်လပ်စွာကုန်သွယ်မှုဆိပ်ကမ်း ဟိုင်နန်ကို ချိတ်ဆက်ပေးသည့် ပထမဆုံး သင်္ဘောလမ်းကြောင်းဖြင့် စတင်တော့မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။
ရာစုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်အကြီးမားဆုံး ရေလမ်းစီမံကိန်းဖြစ်သော ပင်ဂလူးတူးမြောင်းသည် တောင်ပိုင်းကွမ်ရှီးပြည်နယ်၏ မြို့တော်နန်နင်းမှ တရုတ်နိုင်ငံတွင် ဘေဘူပင်လယ်ကွေ့ဟု လူသိများသော တုံကင်ပင်လယ်ကွေ့အထိ ၈၃ မိုင် ရှည်လျားမည်ဖြစ်သည်။
ရည်ရွယ်ချက်သည် တရုတ်နိုင်ငံ၏ ကြွယ်ဝမှုနည်းပါးသော ကုန်းတွင်းဒေသများကို ကမ္ဘာ့ပင်လယ်လမ်းကြောင်းများသို့ ပိုမိုမြန်ဆန်လွယ်ကူစွာ ဝင်ရောက်နိုင်စေရန်၊ ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ရန်နှင့် နိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှင့် ကုန်သွယ်မှုကို ခိုင်မာအားကောင်းစေရန် ဖြစ်သည်။
အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ၏ မြင့်တက်လာသော ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က အမေရိကနှင့် ကုန်သွယ်ရေးစစ်ပွဲကို ကျော်လွှားရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အာဆီယံသို့ ပို့ကုန် ၁၃ ဒဿမ ၄ ရာခိုင်နှုန်းမြင့်တက်လာခြင်းသည် အမေရိကသို့ တင်ပို့မှု ၂၀ ရာခိုင်နှုန်းကျဆင်းသွားမှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် ချေဖျက်ပေးခဲ့သည်။
တူးမြောင်း၏ ပွဲဦးထွက်လမ်းကြောင်းသည် တရုတ်နိုင်ငံ၏ အခြားဒေသတစ်ခုဖြစ်သည့် တုံကင်ပင်လယ်ကွေ့၏ တစ်ဖက်ကမ်းတွင် တည်ရှိသော ဟိုင်နန်ကျွန်းပြည်နယ်ကို တိုက်ရိုက်ချိတ်ဆက်ပေးမည်ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ လွတ်လပ်စွာကုန်သွယ်ရေးဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
နန်နင်းမှ ဟိုင်နန်ရှိ ယန်ပူဆိပ်ကမ်းသို့ သင်္ဘောသွားလာမှုကို စက်တင်ဘာလတွင် နန်နင်း၌ ကျင်းပပြုလုပ်မည့် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တိုက်ဆိုင်လျှက် စတင်သွားမည်ဖြစ်ကြောင်း အစိုးရပိုင် ဆက်ကျူရတီတိုင်းမ်စ် သတင်းစာက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
