ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် သောကြာနေ့နံနက်တွင် ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး စွမ်းအင်ဖူလုံရေး မြှင့်တင်ရန်၊ ကမ္ဘာ့ဇာတ်ခုံတွင် ထိုင်းယဉ်ကျေးမှု ပါဝင်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးဆက်ဆံမှု ခိုင်မာစေရန် ရည်ရွယ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ရး၅၅ နာရီတွင် ပါရီရှိ အော်လီလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့တွင်၊ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် ဝန်ကြီးချုပ်၏ အတွင်းဝန်ချုပ်တို့ ပါဝင်ကြောင်း သိရသည်။
မစ္စတာ အနူတင်သည် သောကြာနေ့တွင် ၎င်း၏ ပထမဆုံးစီစဉ်ထားသော ဆွေးနွေးပွဲများ၌ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် အဓိကဆွေးနွေးမှုများပါဝင်ကြောင်း ရာချာဒါက ဝန်ကြီးချုပ်၏ ခရီးစဉ်အစီအစဉ်နှင့်ပတ်သက်၍ ဖော်ပြခဲ့သည်။
နိုင်ငံတော်စွမ်းအင်ဖူလုံရေး မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးရန်အတွက် အနူတင်သည် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ) ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက် ယခင်ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၍ ထိုင်းယဉ်ကျေးမှုအတွက် ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရေး တွန်းအားပေးရန် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်နှင့် ဆွေးနွေးမည်ဖြစ်သည်။
ခရီးစဉ်၏ အထူးခြားဆုံးအချိန်အဖြစ် တနင်္လာနေ့ညနေပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် အေလီဇေးနန်းတော်တွင် အနူတင်ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးသည် ထိုင်းနှင့် ပြင်သစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့တွင် ၎င်းတို့၏ ခရီးစဉ်ကို အဆုံးသတ်ကာ ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
Ref ထိုင်းပီဘီအက်စ်ဝေါလ်
